Tuesday, November 12, 2013

ဂျပန်နှင့်စင်ကာပူမှ တင်ပြထားသော ရန်ကုန်ဘူတာကြီးဝင်း တစ်ခုလုံး အဆင့်မြှင့်တင်ခြင်းအတွက် မကြာမီ တင်ဒါခေါ်ယူမည်

 Created on Tuesday, 12 November 2013

အဆင့်မြှင့်တင်ခြင်း ပြုလုပ်မည်ဖြစ်သော ရန်ကုန်ဘူတာကြီးဝင်း အတွင်းပိုင်းအား တွေ့ရစဉ်

ဂျပန်နှင့် စင်ကာပူ နိုင်ငံတို့မှ လုပ်ကိုင်နိုင်ရန် တင်ပြထားသော ရန်ကုန်ဘူတာကြီးဝင်း တစ်ခုလုံး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် မကြာမီတင်ဒါ ခေါ်ယူသွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

ယခုနှစ်အတွင်း ဂျပန်ကုမ္ပဏီ နှစ်ခုနှင့် စင်ကာပူကုမ္ပဏီ နှစ်ခုတို့မှ ရန်ကုန်ဘူတာကြီးဝင်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန် ၀န်ကြီးဌာနသို့ လာရောက်တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအတွက် ပြည်ထောင်စု အစိုးရအဆင့်သို့ ထပ်မံတင်ပြထားပြီး ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ပြောကြားသည်။

''ကျွန်တော်တို့အနေနဲ့ ရန်ကုန်ဘူတာကြီးကို အဆင့်မြှင့်တင်ဖို့အတွက် အခုလောလောဆယ် နိုင်ငံခြားကုမ္ပဏီတွေ တင်ပြထားပါတယ်။ မကြာမီတော့ တင်ဒါခေါ်ယူမှု လုပ်ငန်းကို လုပ်ကိုင်သွားမှာပါ'' ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆင့်မြှင့်တင်မှု ပြုလုပ်မည့် ရန်ကုန်ဘူတာကြီးတွင် နိုင်ငံတကာ စံနှုန်းနှင့်အညီ လူနေအဆောက်အအုံများ၊ Public Service နေရာအများစု ထည့်သွင်းလုပ်ကိုင်မည် ဖြစ်ကြောင်းနှင့် ရထားလမ်းကြောင်းနှင့် ရထားပို့ဆောင်ရေး စနစ်မှာလည်း အဆင့်မြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်း လုပ်ကိုင်ရန်အတွက် မူလက ပြည်ပကုမ္ပဏီ အပါအ၀င် ပြည်တွင်းကုမ္ပဏီများမှလည်း လာရောက်တင်ပြ ထားသော်လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံ အကောင်အထည် ဖော်နိုင်မည့် ပြည်ပကုမ္ပဏီများကိုသာခွင့်ပြုပေးမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

အရှုံးပေါ်နေသည်ဟု ဆိုထားသော ရထားပို့ဆောင်ရေး ကဏ္ဍအတွက် ရန်ကုန်ဘူတာကြီးကို ပြည်ပပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း ရန်ကုန်-မန္တလေးနှင့် ရန်ကုန်မြို့ပတ်ရထား လိုင်းများတွင် ကြော်ငြာလုပ်ငန်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများကို ပြည်တွင်း လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် မြန်မာ့မီးရထား ကဏ္ဍတွင် ဂျပန်နိုင်ငံနှင့် ကဏ္ဍအသီးသီး၌ ပူးပေါင်း လုပ်ဆောင်ခြင်းနှင့် ချေးငွေများရယူခြင်းတို့ ပြုလုပ်နေပြီး ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရန်ကုန်မြို့ပတ် ရထားတွဲများကို အဲယားကွန်းရထား၊ အဆင့်မြှင့်ရထားများ အစားထိုး ပြေးဆွဲမှုများ ပြုလုပ်နေကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...