Tuesday, November 12, 2013

နယ်သာလန် ဘုရင်ကို ရုရှား အတိုက်အခံများ ခရမ်းချဉ်သီးဖြင့် ပေါက်ပြီး ဆန္ဒပြ

Tuesday, 12 November 2013




ရုရှားဖယ်ဒရေးရှင်း နိုင်ငံသို့ လာရောက် လည်ပတ်သော နယ်သာလန် ဘုရင်ကို ရုရှား အတိုက်အခံများက ခရမ်းချဉ်သီးများဖြင့် ပစ်ပေါက်ကာ ရုရှား အတိုက်အခံ ခေါင်းဆောင် တစ်ဦးက ခိုလှုံခွင့် ပယ်ချခဲ့ခြင်းအား ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြ ထားသည်။

နယ်သာလန်ဘုရင် ဝီလန်အလက်ဇန္ဒားက မြို့တော်မော်စကိုသို့ အလည်အပတ် ရောက်လျက်ရှိစဉ် နယ်သာလန်သို့ ခိုလှုံခွင့် တောင်းခံစဉ် လက်မခံခဲ့သဖြင့် မိမိကိုယ်ကိုယ် သတ်သေသွားခဲ့သော အတိုက်အခံ တစ်ဦးအတွက် မကျေနပ်သူများက ခရမ်းချဉ်သီးဖြင့် ပေါက်ကြခြင်း ဖြစ်သည်။
သို့သော် ဘုရင်ကို ခရမ်းချဉ်သီးများ မထိခဲ့ကြောင်း Ria Novosti သတင်း အေဂျင်စီက ရေးသား ဖော်ပြထားသည်။

The Other Russia ဟု အမည်ရသည့် အတိုက်အခံပါတီ၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဆာဂျီအက်က်ဆန်နော့ဗ်က ခရမ်းချဉ်သီးဖြင့် ပေါက်သည့် ဆန္ဒပြပွဲကြောင့် အတိုက်အခံနှစ်ဦး အဖမ်းခံရကြောင်း ၎င်း၏ twitter စာမျက်နှာတွင် ရေးသား ဖော်ပြထားသည်။

ပူတင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကာ အဖမ်းခံခဲ့ရပြီးနောက် နောက်ထပ် စွပ်စွဲချက်များဖြင့် ထပ်မံ အဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် နယ်သာလန်သို့ ထွက်ပြေးခဲ့သော အဆိုပါ ပါတီဝင် ဒိုမာတော့ဗ် ဆိုသူကို ခိုလှုံခွင့် ငြင်းပယ်ခဲ့ သဖြင့် နောက်ပိုင်းတွင် သူလည်း မိမိကိုယ်ကိုယ် သတ်သေ သွားခဲ့သည်။

ဒတ်ခ်ျဘုရင်သည် မော်စကိုသို့ နိုင်ငံတော် ခရီးစဉ် အလည်အပတ် လာရောက်ခဲ့ပြီး ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုင်ရာများ ပြောဆို နှီးနှောခဲ့သည်။

မကြာသေးခင်က ရုရှား-နယ်သာလန် ဆက်ဆံရေးသည် အေးစက် တင်းမာခဲ့ပြီး နယ်သာလန်အလံ လွှင့်ထူထားသော သဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသည့် Greenpeace သင်္ဘောက ရုရှား Gazprom အာတိတ်သမုဒ္ဒရာ ရေနံတူးစင်ကို သွားရောက် ဆန္ဒပြခဲ့ခြင်းအား ရုရှား ရေတပ်က လာရောက် ဖမ်းဆီးခြင်းကြောင့် ဖြစ်သည်။

နယ်သာလန်နိုင်ငံ အခြေစိုက် ရုရှားသံရုံးမှ ကောင်စစ်ဝန်ကိုလည်း ၎င်း၏ သားသမီးများကို ဆက်ဆံပြုမူပုံအား အိမ်နီးချင်းမှ တိုင်သဖြင့် ဒတ်ခ်ျရဲများက လာရောက် ဖမ်းဆီးခဲ့သည့် အတွက်လည်း နှစ်နိုင်ငံ သံခင်းတမန်ခင်း ထိခိုက်မှုများ ရှိခဲ့ဖူးသည်။

ယခု နယ်သာလန် ဘုရင်ကိုယ်တိုင် ရုရှားသို့ ရောက်ရှိလာခဲ့ပြီး ရုရှားသမ္မတ ဗလာတီမာပူတင်က ကရင်မလင် နန်းတော် မှနေ၍ ဧည့်ခံ ကြိုဆိုခဲ့သည်။
ဘုရင်အလက်ဇန္ဒား ခရမ်းချဉ်သီးဖြင့် ပေါက်ခံရခြင်းနှင့် ပတ်သက်၍ နယ်သာလန် အစိုးရဘက်က တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးပေ။

AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...