Tuesday, November 12, 2013

အီလက်ထရွန်နစ် ဆိုင်ကြီးများကို ဗင်နီဇွဲလား အစိုးရသိမ်း၊ ဈေးလျှော့ရောင်း၍ လူများ ကြိတ်ကြိတ်တိုး

Tuesday, 12 November 2013



ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မာဒူရို က အီလက်ထရွန်နစ် ကုန်တိုက်ကြီး များသည် ဈေးအလွန် ကြီးမားသဖြင့် ၎င်းတို့ကို သိမ်းဆည်းကာ ဈေးချပြီး ရောင်းရန် အမိန့်ထုတ်လိုက်ပြီးနောက် လူများ ကြိတ်ကြိတ်တိုးကာ အီလက်ထရွန်နစ်ပစ္စည်းများ ဝယ်ယူရန်အတွက် ညအိပ်ပြီး တန်းစီ စောင့်ဆိုင်းနေကြရာ စစ်တပ် လုံခြုံရေးပင် ယူထားရကြောင်း BBC သတင်း တစ်ရပ်က ဖော်ပြထားသည်။
Daka ဟု အမည်ရသည့် အီလက်ထရွန်နစ် ကုန်တိုက် လုပ်ငန်းကြီးသည် အလွန်မတန်တဆ ဈေးတင်ထားကြောင်း သမ္မတ မာဒူရိုက စွပ်စွဲ ပြောကြားခဲ့ပြီး သင့်တင့် မျှတသော ဈေးနှုန်းဖြင့် အတင်းဝင်ရောက် ရောင်းချမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

မြို့တော် ကရာကတ်စ် အရှေ့ပိုင်းရှိ JVG အီလက်ထရွန်နစ် စတိုးကိုလည်း သိမ်းလိုက်ပြီ ဖြစ်ကြောင်း မစ္စတာမာဒူရိုက ကြေညာခဲ့ပြီး ယင်းကုန်ပစ္စည်းများကို ၎င်းက သူခိုးတွေဟု မကြာခဏ ပြောဖူးသည့် ချမ်းသာကြွယ်ဝသူ များကသာ သုံးစွဲနေကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အတိုက်အခံများက အစိုးရ၏ လုပ်ရပ်သည် ငွေကြေး ဖောင်းပွမှုများ ဖြစ်နိုင်ကြောင်း ပြစ်တင် ပြောဆိုထားသည်။

အီလက်ထရွန်နစ်ဆိုင်ကြီး Daka ရှိ LCD တီဗီများ၊ အဝတ်လျှော်စက်များနှင့် အခြား အီလက်ထရွန်နစ် ပစ္စည်းများကို ဈေးပေါပေါဖြင့် ရောင်းပေးမည်ဟု သမ္မတက ကတိပေးပြီး ကတည်းက ဆိုင်ရှေ့တွင် လူအုပ်ကြီးက လာရောက် စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့က တိုင်းပြည်အတွက် ကောင်းအောင် လုပ်ဆောင်နေတာပါ။ ဆိုင်မှာရော၊ ဂိုဒေါင်ထဲမှာပါ ဘာမှ မကျန်အောင် ရောင်းမှာပါ” ဟု သမ္မတက ပြောကြားခဲ့သည်။

အစိုးရ စုံစမ်းစစ်ဆေးသူတွေရဲ့ တွေ့ရှိချက်အရ ပုဂ္ဂလိက ဆိုင်ကြီးတွေဟာ ဖြစ်သင့်တဲ့ ဈေးနူန်းထက် ဆယ်ဆလောက် တင်ပြီး ရောင်းထားကြောင်း မစ္စတာမာဒူရိုက ဆိုသည်။

လေအေးပေးစက် တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၅၇၃၀ ခန့် ပုဂ္ဂလိက အီလက်ထရွန်နစ် ဆိုင်ကြီးများ၌ ကျသင့်နေပြီး အစိုးရ အရောင်းဆိုင်တွေများတွင် ဒေါ်လာ တစ်ထောင်ကျော်သာ ကျကြောင်း ဆိုထားသေးသည်။
အစိုးရ၏ ယင်းသို့ စွပ်စွဲ လုပ်ဆောင်ချက်ကို Daka အီလက်ထရွန်နစ် ဆိုင်ကြီးများ၏ ပိုင်ရှင်ထံ စုံစမ်းကြည့်ရာ တုံ့ပြန် ဖြေကြားခြင်း မပြုခဲ့ပေ။

သို့သော် အစိုးရ ဆိုင်များတွင် ယင်း ပစ္စည်းများ ရရန် ခက်ခဲပြီး ဝယ်ယူမည် ဆိုပါကလည်း ဝယ်ယူခွင့် ရရှိရန် ရက်ပေါင်းများစွာ ကြာမြင့်သည်ဟု ဗင်နီဇွဲလား အခြေစိုက် BBC သတင်းထောက်က ဆိုသည်။

BBC 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...