Tuesday, November 12, 2013

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်မှ ပူးပေါင်းရန် ကမ်းလှမ်းလာပါက လက်ခံ ဆွေးနွေးမည်ဟု SNDP ဆို

 Created on Tuesday, 12 November 2013


SNLD ပါတီ၏ ပါတီတည်ထောင်ခြင်း (၂၅) နှစ်ပြည့် အခမ်းအနားကို လားရှိုးမြို့၌ ပြုလုပ်စဉ် (ဓာတ်ပုံ-SNLD)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဘက်က ပါတီနှစ်ပါတီ ပူးပေါင်းရန် ကမ်းလှမ်းလာပါက လက်ခံဆွေးနွေး သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) နှင့် ပူးပေါင်းရန်အတွက် ၎င်းတို့ဘက်မှ ဖိတ်ခေါ်ကမ်းလှမ်းမှု ပြုလုပ်သွားမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နိုဝင်ဘာ ၁၀ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် ဦးစိုင်းအိုက်ပေါင်းက ယင်းကဲ့သိုY ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

''ဖိတ်ခေါ်ကမ်းလှမ်းရင်တော့ လက်ခံဆွေးနွေးရမှာပေါ့။ ကျွန်တော်တို့ကလည်း ငါးဦးကော်မတီ ဖွဲ့ထားတယ်။ ဒုဥက္ကဋ္ဌ ဦးစိုင်းဆောင်စီ ဦးဆောင်ထားတယ်။ တစ်နှစ်လောက်ရှိပြီ။ တကယ်လို့ ဖိတ်ခေါ်ကမ်းလှမ်းတယ်ဆိုရင် ငါးဦးကော်မတီနဲ့ အရင်တွေ့ခိုင်းမှာပေါ့။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပူးပေါင်းမယ်ဆိုရင် နှစ်ပါတီလုံး ဖျက်ရမယ်လို့ ပြောထားတယ်လေ။ အဲဒါကလည်း ဘယ်လိုလာမလဲ မသိသေးဘူး'' ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အောက်တိုဘာ ၂၆ ရက်က ပြည့်မြောက်ခဲ့သည့် ပါတီတည်ထောင်ခြင်း (၂၅) နှစ်ပြည့်အတွက် မြို့နယ်အားလုံး ပါဝင်သည့် အထိမ်းအမှတ်ပွဲကို နိုဝင်ဘာ ၉ ရက် တွင် လားရှိုးမြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါပွဲအပြီးတွင် မြို့နယ်အသီးသီးမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ၎င်းတို့၏အမြင်များကို နှစ်ရက်ကြာ သီးသန့်ဆွေးနွေးခဲ့ကြပြီး ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (SSIAC) ၏ သဘောတူညီချက်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ၏ တိုက်တွန်းချက်အရ SNDP နှင့် လက်တွဲပူးပေါင်းနိုင်ရနှ်SNLD ကဖိတ်ခေါ်ကမ်းလှမ်းပြီး ကြိုးစားအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ပါရှိသည်။

''အရင်က သူတို့ဘက်က ပူးပေါင်းရေးအတွက် ငါးဦးကော်မတီ ဖွဲ့ထားတယ်ဆိုပြီး နောက်ပိုင်းကျတော့ အသံပျောက်သွားလို့ ကျွန်တော်တို့ဘက်က ပြန်စလိုက်တာ။ အဲဒီငါးဦး ကော်မတီက တရားဝင်ကြေညာတာ မဟုတ်တော့ ကျွန်တော်တို့က အခုတရားဝင် ကြေညာတာ။ ပူးပေါင်းရေးကို စတင်ကမ်းလှမ်းတာကိုတော့ ရန်ကုန်ပြန်ရောက်တာနဲ့ စတင်သွားမှာဆိုတော့ ဒီလထဲပဲ ဖြစ်ဖို့များပါတယ်'' ဟု SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောကြားသည်။

ထို့ပြင် အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်းဆွေးနွေးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို SNLD က ၀င်ရောက်ယှဉ်ပြိုင်ရန် သင့်မသင့်ကိုလည်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့က စတင်လေ့လာ သုံးသပ်မှုများ အလေးအနက်ပြု ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ (၂၅) နှစ်ပြည့် ငွေရတု အထိမ်းအမှတ်ပွဲသို့ SNLD ပါတီ ရုံးခွဲများရှိသည့် မြို့နယ်များအနက် ၂၂ မြို့နယ်မှ ကိုယ်စားလှယ် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကို ၁၉၈၈ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ကာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပြီးနောက် ဒုတိယအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ရန် တည်ထောင်ခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသား လွှတ်တော် သုံးနေရာ၊ ပြည်နယ်လွှတ်တော် ၃၄ နေရာနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်နှစ် နေရာရရှိခဲ့သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့ကာ လက်ရှိပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် တတိယ အများဆုံးရှိသည့် ပါတီတစ်ခုဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...