Friday, November 29, 2013

၂၀၁၃-၂၀၁၄ နောက်ထပ် ဖြည့်စွက် ဘဏ္ဍာငွေနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပြုလုပ်မည်




၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံမှုနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ်ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံမှုအား ဥပဒေကြမ်း အနေဖြင့် တင်သွင်းကာ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအစည်းအဝေးက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးပါ။ ၂၀၁၃-၂၀၁၄ ဖြည့်စွက် ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးမှာပါ။ အစည်းအဝေးက ဆီးဂိမ်းစ်ကပ်မှ လုပ်တာဆိုတော့ နှစ်ရက်လောက်ပဲ လုပ်မယ့်သဘောရှိတယ်။ အန်တီအနေနဲ့ ဒီလွှတ်တော် အစည်းအဝေးမှာ မေးခွန်း ၁၀ ခု တင်ဖို့ရှိတယ်။ ပြီးခဲ့တဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးမှာတုန်းက အန်တီတင်ထားတဲ့ ကြယ်ပွင့်ပြ မေးခွန်းငါးခုလည်း ဖြေဖို့ကျန်သေးတယ်'' ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး ပြုလုပ်သည့် အကြိမ်အရေအတွက်မှာ အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး အကြိမ်အရေ အတွက်ထက် နောက်ကျနေပြီး ယခုနှစ် ဧပြီလတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး ပြုလုပ်ပြီး ငါးလအကြာ စက်တင်ဘာလမှသာ ဆဋ္ဌမပုံမှန် အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွေက အခြားတိုင်းနဲ့ ပြည်နယ်တွေထက် နောက်ကျတယ်။ လွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေးနဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးကြားမှာ အချိန်ငါးလလောက် ဟသွားတယ်။ အဲဒီငါးလ အတွင်းမှာ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ နှစ်ကြိမ်လောက် အနည်းဆုံး လုပ်ပြီးသွားကြပြီ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ဘတ်ဂျက်တင်စရာ ရှိမှသာ လွှတ်တော် အစည်းအဝေးလုပ်တဲ့ သဘောဖြစ်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ လွှတ်တော် အစည်းအဝေးတစ်ခုနဲ့ တစ်ခုကြား သိပ်မကြာစေချင်ဘူး'' ဟု ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပခဲ့ပြီး ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူး အစည်းအဝေးကို နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားချက်နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

(နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အထူးအစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ်)
 EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...