Tuesday, December 10, 2013

တရုတ်အလံ မီးရှို့ဆန္ဒပြမှုအတွက် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့အမှု ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) တွင် ဒဂုံမြို့နယ်တရားရုံး၌ ပူးတွဲရုံးထုတ် စစ်ဆေးမည်

Tuesday, 10 December 2013



လက်ပံတောင်းတောင်သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရသည့် တစ်နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒထုတ်ဖော်နေသူများနှင့် တရုတ်သံရုံးရှေ့တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

လက်ပံတောင်းတောင် အကြမ်းဖက် ဖြိုခွင်းခံရသည့် နှစ်ပတ်လည်နေ့တွင် စီမံကိန်း ရပ်ဆိုင်းရန်အတွက် တရုတ်သံရုံးရှေ့တွင် တရုတ်နိုင်ငံအလံအား မီးရှို့ဆန္ဒပြ တောင်းဆိုခဲ့သူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင်တို့ အမှုကို ဒီဇင်ဘာ ၁၀ ရက်တွင် ဒဂုံမြို့နယ်တရားရုံး၌ ပူးတွဲရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၏ ပြောပြချက်အရ သိရသည်။

တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြခဲ့သူ တစ်ဦးဖြစ်သူ ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၉ ရက်တွင် ဒဂုံမြို့နယ် တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး အမှုကို စစ်ဆေးမှုမပြုလုပ်ဘဲ ဒီဇင်ဘာ ၁၀ ရက်သို့ ထပ်မံ ချိန်းဆိုခဲ့ကြောင်း သိရသည်။



အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ဦးရောဘတ်စန်းအောင်က "တခြားနိုင်ငံတွေမှာရော ဆန္ဒပြတဲ့အခါ အလံတွေကို မီးရှို့ဖျက်ဆီးမှုတွေ ရှိပါတယ်။ အဲဒီနိုင်ငံတွေမှာ ဘယ်လိုဥပဒေမျိုးတွေရှိလဲ မသိပေမယ့် လက်ရှိ ကျွန်တော်သိသလောက်က မြန်မာနိုင်ငံမှာ နိုင်ငံခြားအလံကို မီးရှို့မှုပြုလုပ်ရင် ဘယ်လိုပြစ်ဒဏ် ကျခံနိုင်စေတယ်လို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေ မတွေ့သေးပါဘူး။ အာဏာပိုင်တွေအနေနဲ့ အမှုကို စစ်ဆေးမယ်ဆိုရင် လွတ်လပ်တဲ့ သက်သေတွေဖြစ်ဖို့ လိုအပ်ပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

လက်ရှိတွင် ဒေါ်နော်အုန်းလှကို ဒဂုံမြို့မရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ကိုတင်ထွဋ်ပိုင်ကို အင်းစိန် အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားကြောင်း သိရသည်။

ထိုသို့ တရုတ်နိုင်ငံအလံကို မီးရှို့ဆန္ဒပြသူများဖြစ်သည့် ဒေါ်နော်အုန်းလှနှင့် ကိုတင်ထွဋ်ပိုင် အပါအ၀င် လေးဦးကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပြစ်မှုပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။
ပုဒ်မ-၅၀၅ (ခ) သည် နိုင်ငံရေးပုဒ်မတစ်ခုအဖြစ် သတ်မှတ်ထားကြပြီး တရုတ်နိုင်ငံအလံအား မီးရှို့ခြင်းဖြင့် ယခုဥပဒေပါ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို မည်သို့ထိခိုက်စေသည် ဆိုသည်ကိုမူ သိရှိရခြင်း မရှိချေ။



တရုတ်နိုင်ငံအလံအား မီးရှို့ဖျက်ဆီးမှု နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံမှ မြန်မာအစိုးရထံ အကြောင်းကြားစာ ပေးပို့မှုရှိသည်ဟူ၍ အင်တာနက် စာမျက်နှာအချို့တွင် ဖော်ပြခဲ့သော်လည်း တရုတ်သံရုံး တာဝန်ရှိသူက ထိုစာနှင့်ပတ်သက်၍ သိရှိမှုမရှိကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

"အဲဒီအသိပေးစာနဲ့ ပတ်သက်လို့ ဘာမှမကြားမိပါဘူး။ ကျွန်တော့်အနေနဲ့ ပြောရရင် အရင်ကလည်း တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ မြန်မာနိုင်ငံမှာ အလွယ်တကူ ပြန့်နှံ့လေ့ရှိတာကြောင့် ဒါဟာလည်း အချက်အလက်အပေါ် အခြေခံမှုမရှိတဲ့ အကြောင်းအရာတစ်ခုလို့ ထင်ပါတယ်။ မြန်မာနိုင်ငံသားတစ်ဦးအပေါ်မှာ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုအရေးယူမလဲဆိုတာ မသိပါဘူး။ ကျွန်တော့်အနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံသားတစ်ဦးကို အရေးယူလို့ မရဘူးလို့ ထင်ပါတယ်" ဟု Mr. Xiong Guofeng က ဖြေကြားခဲ့သည်။



ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၂ ရက်က ပါကစ္စတန်တွင် မြန်မာနိုင်ငံအလံနှင့် ကုလသမဂ္ဂအလံတို့ကို မီးရှို့ဆန္ဒပြနေကြစဉ်

မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ်ရှိ ရခိုင်များနှင့် ဘင်္ဂါလီများအကြား ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ပြီးနောက် ပါကစ္စတန်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် မြန်မာနိုင်ငံတော်အလံကို မီးရှို့မှုများ ဖြစ်ပွားခဲ့သော်လည်း မည်သည့် အင်ဒိုနီးရှား နိုင်ငံသားတစ်ဦးကိုမှ မြန်မာနိုင်ငံအနေနှင့် အရေးယူဆောင်ရွက်နိုင်ခြင်း မရှိကြောင်းလည်း သိရှိရပြီး တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှု အငြင်းပွားမှုကြောင့် ဖိလစ်ပိုင်နိုင်ငံတွင်လည်း တရုတ်အလံအား မီးရှို့ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။




တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုဖြစ်ပေါ်ခြင်းနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ မေ ၈ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာတောင်ပိုင်းတွင် ဆန္ဒပြသူတစ်ဦး တရုတ်နိုင်ငံအလံအား မီးရှို့ဆန္ဒပြနေစဉ်

လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ပံတောင်းတောင်အရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြမှုတစ်ရပ်ကို နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့သို့ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး သံရုံးအနီး အလုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ တားဆီးခဲ့သောကြောင့် ဆန္ဒပြသူများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အလံကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်။

အလံကို မီးရှို့ဆန္ဒထုတ်ဖော်ခဲ့သူများဖြစ်သည့် ဒေါ်နော်အုန်းလှကို ဒီဇင်ဘာ ၆ ရက်၊ ကိုတင်ထွဋ်ပိုင်ကို ဒီဇင်ဘာ ၃ ရက်တို့တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးကို ရှာဖွေစုံစမ်းနေဆဲဖြစ်ကြောင်း ဒဂုံမြို့မရဲစခန်းမှ သိရသည်။

မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများတွင် မြန်မာနိုင်ငံတော် အလံအား မလေးမစားပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း အစရှိသည်တို့နှင့် ပတ်သက်၍ အရေးယူနိုင်သည့် ဥပဒေကိုသာ ပြဋ္ဌာန်းထားပြီး အခြားနိုင်ငံတစ်နိုင်ငံ၏ အလံနှင့်ပတ်သက်၍မူ သီးခြားပြဋ္ဌာန်း ဥပဒေမရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...