Tuesday, December 10, 2013

ငြိမ်းချမ်းစွာ ဆွေးနွေးတိုင်ပင်သည့် နည်းလမ်းဖြင့်သာ ရှေ့ဆက်သွားရမည်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

  Tuesday, 10 December 2013


ဒီဇင်ဘာ ၉ ရက်က ကာတာသို့ သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ငြိမ်းချမ်းစွာ ဆွေးနွေးတိုင်ပင်သည့် နည်းလမ်းဖြင့်သာ ရှေ့ဆက်သွားရမည်ဟု အတိုက်အခံခေါင်းဆောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက်က ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံသို့ တက်ရောက်ရန် ကာတာနိုင်ငံသို့ မသွားမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သတင်းထောက်တစ်ဦး၏ ထိုင်းနိုင်ငံတွင် ဆန္ဒပြမှုများကြောင့် ထိုင်းပါလီမန် ဖျက်သိမ်းခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အနေဖြင့် မည်ကဲ့သို့ သင်ခန်းစာ ယူရမည်နည်း ဟူသော မေးခွန်းကို ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးချယ်ရမှာပါ။ ညှိနှိုင်းစရာ ရှိတာတွေကို ဆွေးနွေးတိုင်ပင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်သွားရမှာပါ။ ထိုင်းမှာဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိတယ်ဆိုတာကတော့ စောင့်ကြည့်ရမှာပါ'' ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးချယ်ရမှာပါ။ ညှိနှိုင်းစရာ ရှိတာတွေကို ဆွေးနွေးတိုင်ပင်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆောင်ရွက်သွားရမှာပါ...

ထိုင်းနိုင်ငံတွင် လူလတ်တန်းစားများနှင့် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကို ဆန့်ကျင်သူများ ပါဝင်သော ဆန္ဒပြသူများက တစ်လကျော်ကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် အတိုက်အခံ လွှတ်တော်အမတ်များ နုတ်ထွက်ခဲ့ရာ ပါလီမန်ကို ဒီဇင်ဘာ ၉ ရက်တွင် ဖျက်သိမ်းလိုက်ပြီး ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု လက်ရှိထိုင်းဝန်ကြီးချုပ် ယင်လက်က ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပြဿနာ တစ်ခုဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် လေးပွင့်ဆိုင် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံစာ ပေးပို့ထားသည်။

ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းကလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အားလုံးညှိနှိုင်း တိုင်ပင်၍ ဆောင်ရွက်ခြင်းသည် အကောင်းဆုံး ဖြစ်သည်ဟုလည်း ဒီဇင်ဘာ ၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...