Tuesday, December 10, 2013

ထိုင်းဝန်ကြီးချုပ် ယင်လက်က ပါလီမန်ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ

Tuesday, 10 December 2013



ဒီဇင်ဘာ ၉ ရက်တွင် ဘန်ကောက်ရှိ အစိုးရအဆောက်အအုံသို့ ချီတက်နေသော အတိုက်အခံဆန္ဒပြသူများ

ထိုင်းနိုင်ငံရေး ပဋိပက္ခပြေလျော့စေရေးအတွက် ကြိုးပမ်းမှုအဖြစ် ၀န်ကြီးချုပ်ယင်လက်ရှင်နာဝပ်သည် ဒီဇင်ဘာ ၉ ရက်က ပါလီမန်ကို ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။
အာဏာရ ဖြူထိုင်းပါတီက ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်ဝန်းကျင်၌ ကျင်းပဖွယ်ရှိသည့် ရွေးကောက်ပွဲတွင် ယင်လက်သည် ၀န်ကြီးချုပ်ရာထူးအတွက် ထပ်မံယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ ယင်းနေ့တွင်ပင် အတိုက်အခံ ဆန္ဒပြသူ ၁၄၀,၀၀၀ ၀န်းကျင်က မြို့တော်ဘန်ကောက်တွင် စုဝေးဆန္ဒပြခဲ့ကြသည်။

နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ရပ်ဆိုင်းပြီး ရွေးချယ်တင်မြှောက်ထားခြင်းမဟုတ်သော "ပြည်သူ့ကောင်စီ"ဖြင့် နိုင်ငံကို အုပ်ချုပ်ရန် ဆန္ဒပြသူများက လိုလားနေသည်။ ဆယ်စုနှစ်နှစ်ခု ၀န်းကျင်အတွင်း ပါလီမန်၌ အမတ်နေရာအများစု မရရှိခဲ့သော အတိုက်အခံ ဒီမိုကရက်ပါတီသည် ပါလီမန်တွင် မည်သည့်အရာမှ မရရှိနိုင်ခြင်းကြောင့် အမတ်နေရာ ၅၀၀ ရှိသော အောက်လွှတ်တော်မှ ၎င်းတို့ ပါတီ၏အမတ် ၁၅၃ ဦးကို ဒီဇင်ဘာ ၈ ရက်တွင် နုတ်ထွက်စေခဲ့သဖြင့် နိုင်ငံရေး အကျပ်အတည်း ပိုမိုနက်ရှိုင်းလာသည်။

အတိုက်အခံတို့၏ ဆန္ဒပြမှုမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပေါ်နိုင်ခြေကို စိုးရိမ်နေချိန်တွင် အစိုးရသည် သေဆုံးထိခိုက်မှုများ မဖြစ်စေရန် လိုလားကြောင်း ယင်လက်က ပြောကြားခဲ့သည်။

သို့သော် အတိုက်အခံဆန္ဒပြခေါင်းဆောင်များက ရွေးကောက်ပွဲသစ် ကျင်းပပေးရုံဖြင့် ကျေနပ်မည်မဟုတ်ဟု ပြောကြားထားသည်။ မိမိတို့၏ ရည်မှန်းချက်မှာ သက်ဆင်အစိုးရကို အမြစ်ပြတ်အောင် ဖြုတ်ချရေး ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပသော်လည်း သက်ဆင်အုပ်စိုးမှုက ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဖမ်းဝရမ်းထုတ်ခံခဲ့ရသော ဒုတိယ၀န်ကြီးချုပ်ဟောင်းနှင့် ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။ အစိုးရကို ဖြုတ်ချရေးနောက် ဆုံးကြိုးပမ်းမှုမအောင်မြင်ခဲ့ပါက အဖမ်းခံမည်ဟု ၎င်းက ကတိပြုထားပြီးဖြစ်သည်။

ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် အတိုက်အခံဆန္ဒပြမှုသို့ လူ ၁၀၀,၀၀၀ ၀န်းကျင် ပူးပေါင်းပါဝင်ခဲ့သည်ဟု မငြိမ်သက်မှုများကို တုံ့ပြန်ဖြေရှင်းရန် ဖွဲ့စည်းထားသော အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေးစင်တာက ကနဦးတွင် ထုတ်ပြန်ခဲ့သည်။ ဆန္ဒပြသူများသည် ဘန်ကောက်ရှိ အစိုးရဌာနချုပ်သို့ ဦးတည်သည့်လမ်းများတစ်လျှောက် ချီတက်ခဲ့ကြသည်။ အစိုးရသည် အခြေအနေကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်ထားပြီး စေ့စပ်ဆွေးနွေးရေးကို ဦးစားပေးမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျာရူပေါင် ရူအန်ဆူဝမ်က ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

အင်အားကြီးမားသော ဆန္ဒပြမှုများ ကြုံတွေ့ခဲ့သော်လည်း သက်ဆင်ထောက်ခံသော ပါတီများသည် ပြီးခဲ့သော ဆယ်စုနှစ်တစ်ကျော်အတွင်း ရွေးကောက်ပွဲများကို အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲသစ် ကျင်းပမည်ဆိုလျှင်လည်း ယင်လက်၏ပါတီကသာ အနိုင်ရဖွယ်ရှိဟု ကျွမ်းကျင်ပညာရှင် အများအပြားက ယုံကြည်ထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...