Tuesday, December 10, 2013

နေပြည်တော်မြို့မဈေး အဝေးပြေးဂိတ်၌ ကပ်ထားသည့် ဆီးဂိမ်းစ်တွင် အဖျက်အမှောင့်လုပ်မည့် ကေအိုင်အေ အကြမ်းဖက်သမားသုံးဦး ကြော်ငြာစာအား ပြန်လည်ဖြုတ်သိမ်း

 Tuesday, 10 December 2013


နေပြည်တော် မြို့မဈေးရှေ့တွင် ကပ်ထားသည့် အကြမ်းဖက်သမား သုံးဦး၏ ကြေညာစာအား နိုဝင်ဘာ ၇ ရက်နေ့ ညနေပိုင်းက တွေ့ရစဉ်

နေပြည်တော် မြို့မဈေး အဝေးပြေးဂိတ်၌ ကပ်ထားသည့် ဆီးဂိမ်းစ်ကာလ၌ အမှောင့်အဖျက် လုပ်ငန်းများ လုပ်ဆောင်ရန် ကေအိုင်အေအဖွဲ့မှ အကြမ်းဖက်သမား သုံးဦးပါသည့် ကြော်ငြာစာအား ဒီဇင်ဘာ ၉ ရက်နေ့တွင် ပြန်လည် ဖြုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေး ကြော်ငြာစာကို ဒီဇင်ဘာ ၇ ရက်နေ့တွင် ကြော်ငြာထားကြောင်း သိရှိရပြီး ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း၌ အဖျက်အမှောင့် လုပ်ငန်းများကို ဆောင်ရွက်ရန် ကေအိုင်အေ ကချင်အဖွဲ့မှ အကြမ်းဖက်သမား သုံးဦးအား မသင်္ကာဖွယ် တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြား ပေးရန်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အဖျက်အမှောက် လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် အစ္စလာမ် ဘာသာရေး အစွန်းရောက် မွတ်စလင် အဖွဲ့များနှင့် ဆက်သွယ်ဆောက်နိုင်ရန် ကေအိုင်အေ ကချင်အဖွဲ့မှ အကြမ်းဖက်သမား သုံးဦးသည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်သို့ ထွက်ခွာခဲ့ကြောင်း ယင်းကြော်ငြာစာတွင် ပါရှိသည်။

''အထက်က ညွှန်ကြားလို့ ဒီစာကိုကပ်ရတာပါ။ ဘယ်သူ၊ ဘယ်ဝါ ညွှန်ကြားတယ်ဆိုတာ ပြောလို့မရပါဘူး။ ဒီစာကို အခုပြန်ပြင် နေပါတယ်'' ဟု ယင်းကြော်ငြာစာအား ကပ်သည့် မြို့မဈေးတာဝန်ခံ ဗိုလ်ကြီးမြင့်သန်းက ပြောကြားသည်။

အဆိုပါ ကြော်ငြာစာ ကပ်ခြင်းနှင့် ပတ်သက်၍ ကေအိုင်အို ပြန်ကြားရေးအရာရှိ ဦးလနန်က ''ဒီလိုတွေရှိနေရင် ဖမ်းပေးကြပါ။ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ။ ဒါတမင်သက်သက် သိက္ခာကျအောင် လုပ်တဲ့ကိစ္စပါ။ တမင်သက်သက် ဖန်တီးနေတာပါ။ တကယ်အဖွဲ့ဝင် ဆိုရင်တော့ ကေအိုင်အေ အကြံပေးအဖွဲ့ (TAT) ကနေတစ်ဆင့် ပြန်လမ်းကြောင်း ပေးမယ်ဆိုရင် ကောင်းတာပေါ့။ အရေးယူလို့ ရတာပေါ့။ ကရင်၊ဗမာ စတာတွေက ကေအိုင်အေမှာ ဗိုလ်ကြီးအဆင့်လည်း မပေးဘူးခင်ဗျ။ ကေအိုင်အိုမှာ တခြားနာမည်နဲ့ တာဝန်ထမ်းဆောင်သူလည်း မရှိဘူးခင်ဗျ။ ဆီးဂိမ်းစ်ဖြစ်နေလို့ ပွဲဆူအောင်လုပ်တာပါ။ စရဖ (စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့) တွေက တပ်ကြပ်အဆင့် ရှိတဲ့လူတွေက နေ့စဉ်နဲ့အမျှ အထက်ကို ကြံဖန်ပြီး အစီရင်ခံစာတင်တဲ့ သဘောပါဗျ။ ဒါမျိုးက အများကြီးဖြစ်တာပါ။ အခုဖောက်ခွဲရေး သမားတွေ နေပြည်တော်ရောက်တယ် ဆိုတာလည်း အခုမှ ကြားရတာပါ။ ဆီးဂိမ်းစ်မှာ နိုင်ငံပေါင်းစုံလာတော့ နိုင်ငံရေး သိက္ခာချတဲ့ သဘောပါ။ အကြမ်းဖက်လုပ်ရပ်တွေ ကေအိုင်ကေမှာ လုပ်တာမရှိပါဘူး။ ရည်ရွယ်ချက်လည်း မရှိဘူး။ လုပ်စရာလည်း အကြောင်းမရှိပါဘူး'' ဟု ပြောကြားသည်။

အကြမ်းဖက် သမားများမှာ ဗိုလ်ကြီးအဆင့်ရှိ ရန်အောင်၊ ဒုအရာခံဗိုလ်အဆင့်ရှိ မျိုးနိုင်နှင့် တပ်ကြပ်အဆင့်ရှိ ရဲဝင်းတို့ဖြစ်ကြောင်း နေပြည်တော် မြို့မဈေး အဝေးပြေးဂိတ်တွင် ကပ်ထားသည့် ကြော်ငြာစာ၌ ဖော်ပြထားသည်။

''အဲဒီကြေညာစာကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေနဲ့ ကြော်ငြာထားတာတော့ မရှိဘူး။ အဲဒီသတင်းကို confirm ဖြစ်အောင် လုပ်နေတယ်။ ဒါပေမဲ့ အဲဒီသတင်းက ဘာမှအတည်ပြုချက် မရသေးဘူး။ စုံစမ်းနေတုန်းပါပဲ'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နေပြည်တော်မှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...