Tuesday, December 10, 2013

ဆိပ်ကမ်းတိုးချဲ့တည်ဆောက်မည့် သီလ၀ါကမ်းနားဒေသ မြေကွက်အမှတ် (၃) ရှိ လယ် ၃၁ ဧကအား တစ်ဧကလျှင် ၁၁ သိန်းနှုန်းဖြင့် ထောက်ပံ့ကြေး ပေးအပ်

Tuesday, 10 December 2013


မြေကွက်အမှတ် (၃) ရှိ လယ်ပိုင်ရှင်တစ်ဦးအား ထောက်ပံ့ကြေးပေးအပ်နေစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်မည့် သီလ၀ါဒေသ မြေကွက်အမှတ် ၃ ရှိ လယ် ၃၁ ဧကအား တစ်ဧကလျှင် ငွေကျပ် ၁၁ သိန်းနှုန်းဖြင့် ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သီလ၀ါကမ်းနားဒေသတွင် ဆိပ်ကမ်းဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြေဧရိယာ ၁၅၀၃ ဒသမ ၃၃ ဧကအား ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ သီလ၀ါဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းမြေအဖြစ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ နိုင်ငံတော်မှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေဧရိယာ ၁၅၀၃ ဒသမ ၃၃ ဧကတွင် ပါဝင်သည့် မြေကွက်အမှတ် ၃ တွင် လယ်သမား ၃ ဦးမှ စပါးစိုက်ပျိုးခြင်း လုပ်ငန်းများအား ၀င်ရောက်လုပ်ကိုင်ခဲ့ကြသဖြင့် အဆိုပါလယ်သမားများအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ခေါ်ယူဆွေးနွေးခဲ့ပြီး၊ လယ်တစ်ဧကလျှင် ကျပ် ၁၁ သိန်းနှုန်းဖြင့် ထောက်ပံ့ပေးရန် သဘောတူခဲ့ကြကြောင်း သိရသည်။

သို့ဖြစ်၍ ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၆ ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တွင် သီလ၀ါဒေသ မြေကွက်အမှတ် ၃ ရှိ လယ် ၃၁ ဧကပိုင် လယ်သမားများဖြစ်သည့် ဦးညွှန့်ဌေး၊ ဒေါ်သန်းသန်းဝင်းနှင့် ဒေါ်စိုးတင့်တို့အား တစ်ဧကလျှင် ကျပ် ၁၁ သိန်းနှုန်းဖြင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ကတော့ ပထမဆုံးဆိပ် ကမ်းမြေနေရာအတွက် ထောက်ပံ့ကြေးယူတာပါ။ ကျွန်တော်ပြောချင်တာက ကျန်တဲ့လယ်မြေတွေကို ထောက်ပံ့ကြေးပေးတဲ့အခါ အခုတစ်ဧက ၁၁ သိန်းနှုန်းထက် များနေမယ်ဆိုရင်တော့ ကျွန်တော်တို့ ထပ်လိုချင်ပါတယ်" ဟု သီလ၀ါဒေသမှ ဒေသခံ ဦးညွှန့်ဌေးက ပြောပါသည်။

သီလ၀ါဒေသတွင် ဆိပ်ကမ်းများတည် ဆောက်ရန် မြေကွက်တစ်ကွက်လျှင် မျက်နှာစာအလျား ၂၀၀ မီတာ၊ ကုန်းတွင်းဘက်သို့ ၇၅၀ကီလိုမီတာ (အကျယ် ၃၇ ဒသမ ၀၆ ဧက)ရှိ မြေကွက် ၃၇ ကွက်ကို တိုးချဲ့ဖော်ထုတ်ခဲ့သည်။
ယင်းမြေကွက် ၃၇ ကွက်အနက်မှ မြေကွက် ၂၇ ကွက်တွင် ကုမ္ပဏီအသီးသီးမှ ဆိပ်ကမ်းများ တည်ဆောက်ထားပြီး၊ မြေကွက် ၅ ကွက်အား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဂျပန်အိုဒီအေချေးငွေဖြင့် ဆိပ်ကမ်းတည်ဆောက်မည် ဖြစ်သည်။

သီလ၀ါဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရန် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့် ဂျပန်နိုင်ငံမှ အိုဒီအေချေးငွေ အမေရိကန်ဒေါ်လာ ၂၀၅ သန်းအား ရရှိထားပြီး ၂၀၁၄ ခုနှစ်ဆန်းပိုင်းတွင် ဆိပ်ကမ်းတည်ဆောက်ရေး လုပ်ငန်းများအား စတင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...