Tuesday, December 10, 2013

ဂျပန်နှင့် စင်ကာပူ ကုမ္ပဏီများက တင်ပြထားသော ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် နိုင်ငံတော်မှ ခွင့်ပြုချက်ရရှိ

Tuesday, 10 December 2013



ရန်ကုန်ဘူတာကြီးဝင်း အတွင်းပိုင်းနေရာ တစ်ခုအား တွေ့ရစဉ်

ဂျပန်နှင့် စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများမှ တင်ပြထားသော ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် နိုင်ငံတော်မှ ခွင့်ပြုချက်ရရှိခဲ့ပြီ ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဝင်းနောင်က ဒီဇင်ဘာ ၉ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းအတွက် တင်ဒါခေါ်ယူမှု ကော်မတီကို ဖွဲ့စည်းရန် ပြုလုပ်နေပြီဖြစ်ပြီး မကြာမီ ကာလအတွင်း တင်ဒါခေါ်ယူမှု လုပ်ငန်းကို စတင်နိုင်တော့မည် ဖြစ်ကြောင်း ဦးဝင်းနောင်က ဆက်လက် ပြောကြားသည်။

ယခုနှစ်အတွင်း ဂျပန်ကုမ္ပဏီနှစ်ခုနှင့် စင်ကာပူကုမ္ပဏီ နှစ်ခုတို့မှ ရန်ကုန်ဘူတာကြီးဝင်းကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ရန်အတွက် ၀န်ကြီးဌာနသို့ လာရောက်တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအတွက် ပြည်ထောင်စုအစိုးရ အဆင့်သို့ ထပ်မံတင်ပြထားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဘူတာဝင်းကြီး တစ်ခုလုံးကို အဆင့်မြှင့်တင်ရန် အတွက် ပြည်ပကုမ္ပဏီများသာ အရင်းအနှီး စိုက်ထုတ်နိုင်မည် ဖြစ်သောကြောင့် ပြည်ပကုမ္ပဏီများကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ဦးစားပေး စီစဉ်မည် ဖြစ်ကြောင်း သိရသည်။

အဆင့်မြှင့်တင်မှု ပြုလုပ်မည့် ရန်ကုန်ဘူတာကြီးတွင် နိုင်ငံတကာ စံနှုန်းနှင့်အညီ လူနေအဆောက်အအုံများ၊ အပန်းဖြေ အနားယူနိုင်မည့် ပါဝင်သည့် Public Service နေရာများ အများစုထည့်သွင်း လုပ်ကိုင်မည် ဖြစ်ကြောင်းနှင့် ရထားလမ်းကြောင်း၊ ရထားပို့ဆောင်ရေး စနစ်မှာလည်း အဆင့်မြင့်သွားမည် ဖြစ်ကြောင်း သိရသည်။ အရှုံးပေါ်နေသည်ဟု ဆိုထားသော ရထားပို့ဆောင်ရေး ကဏ္ဍအတွက် ရန်ကုန်ဘူတာကြီးကို ပြည်ပပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင်လည်း ရန်ကုန်-မန္တလေးနှင့် ရန်ကုန်မြို့ပတ်ရထား လိုင်းများတွင် ကြော်ငြာလုပ်ငန်းနှင့် ဖျော်ဖြေရေး လုပ်ငန်းများကို ပြည်တွင်း လုပ်ငန်းရှင်များကို လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လက်ရှိ မြန်မာ့မီးရထား ကဏ္ဍတွင် ဂျပန်နိုင်ငံနှင့် ကဏ္ဍအသီးသီး၌ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ချေးငွေများ ရယူခြင်းတို့ ပြုလုပ်နေပြီး ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းနှင့် ရန်ကုန် မြို့ပတ်ရထား တွဲများကို အဲယားကွန်းရထား၊ အဆင့်မြှင့်ရထားတို့ အစားထိုး ပြေးဆွဲမှုများ ပြုလုပ်နေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...