Thursday, December 5, 2013

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်နှစ်ခုကို ရိုးရာခြင်းလုံးပြိုင်ပွဲမှ မြန်မာအသင်း ဆွတ်ခူးရရှိ



Thursday, 05 December 2013
ရွှေတံဆိပ်ရရှိခဲ့သည့် အမျိုးသားခြင်းလုံးအသင်း ပြိုင်ပွဲဝင်နေစဉ် (ဓာတ်ပုံ-စိုးညွန့်)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇)ကြိမ်မောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ပထမဆုံးပြိုင်ပွဲအဖြစ် ရိုးရာခြင်းလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက်က နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင် စတင်ကျင်းပရာ မြန်မာအသင်းက ပထမဆုံး ရွှေတံဆိပ်နှစ်ခုစလုံးကို ရယူနိုင်ခဲ့ကြောင်း သိရသည်။

ရိုးရာခြင်းလုံးပြိုင်ပွဲ၏ အခြေခံအတွဲပြိုင်ပွဲ အမျိုးသားပြိုင်ပွဲတွင် အသင်းငါးသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမှတ်အများဆုံး ရရှိသည့် အိမ်ရှင်မြန်မာအသင်းနှင့် ထိုင်းအသင်းတို့မှာ ဗိုလ်လုပွဲ ပြန်လည်ယှဉ်ပြိုင်ကစားခဲ့ရသည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းက ပထမပွဲငယ်တွင် ၂၁၀-၁၃၄ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၂၂-၁၃၈ မှတ်၊ တတိယပွဲငယ်တွင် ၂၂၈-၁၃၂ မှတ်တို့ဖြင့် စုစုပေါင်း ၆၆၀-၄၀၄ မှတ်ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့သည်။ အမျိုးသမီးပြိုင်ပွဲတွင် အသင်းလေးသင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အိမ်ရှင်မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် မြန်မာအသင်းက ထိုင်းအသင်းကို ၅၃၄-၃၇၅ မှတ်ဖြင့် အနိုင်ရရှိကာ ရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သည်။ ပထမပွဲငယ်တွင် ၁၇၅-၁၁၄ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၈၂-၁၂၇ မှတ်၊ တတိယပွဲငယ်တွင် ၁၇၇-၁၃၄ မှတ်တို့ဖြင့် မြန်မာအသင်းက အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။



ဆီးဂိမ်းစ်ပြိုင်ပွဲပထမနေ့တွင် ရွှေတံဆိပ်ရယူနိုင်ခဲ့သည့် မြန်မာအမျိုးသား ခြင်းလုံးအသင်းအား ဆုယူအပြီးတွေ့ရစဉ် (ဓာတ်ပုံ- စိုးညွန့်)

ရိုးရာခြင်းလုံး အားကစားနည်းမှာ မြန်မာတို့၏ ရိုးရာအားကစားနည်း ဖြစ်သောကြောင့် ကျွမ်းကျင်စွာ ကစားနိုင်ခဲ့ပြီး ပြိုင်ဘက်များကို အမှတ်သိသိသာသာ ဖြတ်ကာ ပြိုင်ပွဲ၏ ပထမဆုံးနေ့တွင် ချီးမြှင့်သည့် ရွှေတံဆိပ် နှစ်ခုစလုံးကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ကြေးတံဆိပ်ဆုများကို အမျိုးသားပြိုင်ပွဲတွင် လာအိုနှင့် မလေးရှား၊ အမျိုးသမီးပြိုင်ပွဲတွင် ကမ္ဘောဒီးယားနှင့် မလေးရှားတို့ ရရှိခဲ့သည်။ ရိုးရာခြင်းလုံးပြိုင်ပွဲ ဒုတိယနေ့ ပွဲစဉ်များကို ယနေ့ဆက်လက် ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ကျင်းပသော ပွဲစဉ်များကို အိမ်ရှင်မြန်မာအသင်း ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...