Thursday, December 5, 2013

ဗိုလ်တထောင် စေတီတော်မှစ၍ ရန်ကုန်မြစ်ကမ်းတစ်လျှောက် မြို့ပြစီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေ ချန်ထားပေးရန် အဆိုပြုထား



Thursday, 05 December 2013
ဗိုလ်တထောင် စေတီတော်နှင့် ရန်ကုန်မြစ်ကမ်းတစ်လျှောက်အား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ဗိုလ်တထောင် စေတီတော်မှ စတင်၍ ရန်ကုန်ဆိပ်ကမ်းနယ်မြေ ကမ်းပါးတစ်လျှောက် အဆောက်အအုံ ဆောက်လုပ်ခြင်းစသည့် မြို့ပြစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေ ချန်ထားပြီးမှ ဆောင်ရွက်ပေးရန် အဆိုပြုထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး မြို့ပြစီမံကိန်းပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၃ ရက်က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့်"ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြုမြေ အသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ အများပြည်သူ ဆွေးနွေးပွဲ"တွင် ဒေါ်လှိုင်မော်ဦးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်တထောင် စေတီတော်အနီး ပတ်ဝန်းကျင်အား စိမ်းလန်းမြေဧရိယာအဖြစ် သတ်မှတ်၍ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခြင်းအား ကန့်သတ်ပေးရန်၊ ယင်းနှင့် ဆက်စပ်၍ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်းကိုလည်း စိမ်းလန်းမြေဧရိယာအဖြစ် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများချန်လှပ်ထားပေးရန်၊ ယင်းနေရာများတွင် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများကို ပုဂ္ဂလိကသော် လည်းကောင်း၊ အစိုးရသော် လည်းကောင်း ဆောင်ရွက်မည်ဆိုပါက အများပြည်သူ လမ်းလျှောက်အနားယူနိုင်သည့် နေရာများ ချန်ပေးထားရန် အဆိုပြုထားခြင်း ဖြစ်သည်။



ရန်ကုန်မြစ်ကမ်းဘေး ကမ်းနားလမ်းမတစ်လျှောက်အား တွေ့ရစဉ်(ဓာတ်ပုံ-၀င်းမြင့်ကျော်) ယင်းသို့ အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် ၂၅ ပေချန်ထားရန် အဆိုပြုထားမှုနှင့် ပတ်သက်၍ ၂၅ ပေထက် ပိုမိုချန်ပေးနိုင်မလားဟူ၍ ယင်းဆွေးနွေးပွဲတွင် ကြည့်မြင်တိုင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာက ဆွေးနွေးခဲ့ရာ အခြားနိုင်ငံများတွင် ပေ ၃၀၊ ပေ ၅၀ စသည်ဖြင့် ချန်ထား၍ အများပြည်သူ အပန်းဖြေနေရာများ လုပ်ပေးထားကြောင်း ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

"ကျွန်မတို့ဘက်ကလည်း ဒီလိုသတ်မှတ်မှုမှာ စီးပွားရေးလုပ်ငန်းရှင်၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ဘက်ကိုလည်း ကြည့်ရပါတယ်။ ပိုလုပ်လို့ရရင်တော့ လုပ်ချင်ပါတယ်။ ဒီလိုသတ်မှတ်နိုင်ဖို့ အတွက်ကိုလည်း တစ်နှစ်လောက် ကြိုးပမ်းလုပ်ဆောင်ခဲ့တာကို ဒီဆွေးနွေးပွဲမှာ ချပြဆွေးနွေးတာ ဖြစ်ပါတယ်"ဟု ဒေါ်လှိုင်မော်ဦးက ဆက်လက် ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ စိမ်းလန်းမြေဧရိယာများဖြစ်သော ကန်တော်ကြီး၊ အင်းလျားကန်၊ မဟာဗန္ဓုလပန်းခြံ စသည့်နေရာ ပတ်ဝန်းကျင်များတွင်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ အများအပြား ၀င်ရောက်လာခြင်း မရှိစေရန်အတွက် ထိန်းသိမ်းကန့်သတ်မှုများ ပြုလုပ်သွားရန် လိုအပ်နေကြောင်း ဆွေးနွေးခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...