Friday, December 6, 2013

ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများအတွက် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့ ပြန်လည်ဖွင့်လှစ်

Friday, 06 December 2013



ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အား တွေ့ရစဉ်

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တို့တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ၀ိဇ္ဇာနှင့်သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများအတွက် သင်တန်းများကို ဒီဇင်ဘာ ၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင် ဒီဇင်ဘာ ၅ ရက်က စတင်တက်ရောက် နေသည့် ကျောင်းသား၊ ကျောင်းသူများမှာ ယခင်ရွေးချယ်ခဲ့သည့် ဘာသာရပ်တစ်ခုစီလျှင် ကျောင်းသားကျောင်းသူ ၁၅ ဦးစီဖြင့် တက္ကသိုလ်များ၌ တက်ရောက်ရန် အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ လျှောက်ထားကြသည့်ကျောင်းသား၊ ကျောင်းသူများထဲမှ ရန်ကုန်တက္ကသိုလ်တွင် ထူးချွန် ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦး၊ မန္တလေးတက္ကသိုလ်တွင် ထူးချွန်ကျောင်းသား ၃၀၀ ဦးစီဖြင့် စတင် တက်ရောက်နေခြင်း ဖြစ်သည်။

" ရန်ကုန်တက္ကသိုလ်ကြီးမှာ အခုလို ကျောင်းစတက်ခွင့်ရတဲ့အတွက် အရမ်းကိုပျော်ပါတယ်။ နှစ် ၂၀ ကျော်အတွင်း မှာလည်း ရန်ကုန်တက္ကသိုလ်မှာ ပထမနှစ်ကနေစပြီး ဘွဲ့ရတဲ့အထိ တက်ခဲ့ရတဲ့သူတွေက ရှိမှမရှိတော့တာ။ ဘွဲ့လွန် ဒီပလိုမာတန်း တွေဖွင့်တာတွေရှိပေမယ့် တက်တဲ့ကျောင်းသားတွေ ဆိုတာကလည်း မရှိသလောက် နည်းပါတယ်။ ရန်ကုန်တက္ကသိုလ်ကြီးက ခြောက်သွေ့နေတာ ကြာနေပါပြီ။ တစ်ချိန်တုန်းက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် နဲ့ ပျော်ပျော်ပါးပါး စာသင်ကြားခဲ့ကြတဲ့ ကျောင်းကြီးအဖြစ်ပြန်လည် အသက်ဝင်လာတယ်လို့ ခံစားရပါတယ်" ဟုရန်ကုန်တက္ကသိုလ် တွင် ပထမနှစ် အင်္ဂလိပ်စာ တက်ရောက်နေသည့် ကျောင်းသူမယမင်းက ပြောကြားသည်။

" ရန်ကုန်တက္ကသိုလ်မှာ ကျွန်တော်က သမိုင်းဘာသာ ပထမနှစ် စတက်တာပါ။ ကျောင်းကြီးပြန်ဖွင့်ပြီး ပထမဆုံးကျောင်း စတက်တဲ့နေ့လည်းဖြစ်၊ အရင်ကတည်းက အစဉ်အလာရှိပြီး ကြီးကျယ်တဲ့ကျောင်းကြီး ဆိုတော့ ကျောင်းတက်ရတာ ပိုပြီးစိတ်လှုပ်ရှားမိပါတယ် " ဟု ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ဖြင့် ပထမနှစ်တက်ရောက်နေသည့် မောင်ကျော်ကျော်ခိုင်က ဆိုသည်။ ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့ တွင် တက်ရောက် ပညာသင်ယူလိုကြသည့် ကျောင်းသား၊ ကျောင်းသူများပြားလျက်ရှိ ခြင်းကြောင့် ၂၀၁၃-၁၄ ပညာသင်နှစ် အတွက်ထပ်မံတက်ရောက်ခွင့် ရမည့် ၀ိဇ္ဇာ နှင့် သိပ္ပံဘာသာရပ်အလိုက် ထူးချွန်ကျောင်းသားများအား ဘာသာရပ် တစ်ခုစီအလိုက် ထပ်မံတိုးမြှင့်ခေါ်ယူလျက် ရှိသည်။ မူလက ဘာသာရပ်တစ်ခုစီတွင် ထူးချွန်ကျောင်းသား ၁၅ ဦးသာ လက်ခံခဲ့ခြင်းဖြစ်သော်လည်း ထပ်မံလျှောက်ထားလိုသူများ ရှိခြင်းကြောင့် ဘာသာရပ်တစ်ခုစီတွင် ၅၀ ဦး အထိ တိုးမြှင့်လက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားမည့်ဘာသာရပ်အလိုက် အနိမ့်ဆုံးရမှတ် ကန့်သတ်ခြင်း မပြုဘဲ စုစုပေါင်းရမှတ် အနည်းအများ အလိုက်ရွေးချယ်သွားမည်ဖြစ်ရာ မိမိကြိုက်နှစ်သက်သည့် ဘာသာရပ်များကို လျှောက်ထားခွင့်ရှိမည်ဖြစ်သည်။ ထို့ပြင် ထူးချွန်ကျောင်းသားအဖြစ် လျှောက်ထားပြီး ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များသို့ ဘာသာရပ်အလိုက် ၀င်ခွင့်ရရှိသူစာရင်းအား ၀င်ခွင့်ရရှိ သည့်ကျောင်းသားများထံသို့ အကြောင်းကြား ထားပြီးဖြစ်ပြီး ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ တွင်လည်း ကြေညာထားကြောင်း သိရသည်။ ထူးချွန်ကျောင်းသားအဖြစ် ၀င်ခွင့်ရ ရှိပြီးသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ထပ်မံလျှောက်ထားရန် လိုအပ်မည် မဟုတ်ဘဲ ဘာသာရပ်ပြောင်းလဲလျှောက် ထားလိုပါက အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ရုံးချုပ်၊ ရန်ကုန်မြို့တွင် လျှောက်ထားနိုင်ပြီး ၀င်ခွင့်မရရှိသည့် ကျောင်းသားများ ထပ်မံလျှောက်ထား နိုင်မည်ဖြစ်သည်။

ဝိဇ္ဇာ၊သိပ္ပံ ဘာသာရပ်အလိုက် ထူးချွန် ကျောင်းသားလျှောက်ထားမည့်သူများ (ယခင်လျှောက်ထားခဲ့ပြီး ၀င်ခွင့်မရခဲ့သူများ အပါအ၀င်) သည် ပူးတွဲလျှောက်လွှာ ပုံစံပါအချက်အလက်များကို ပြည့်စုံစွာဖြည့်စွက်ပြီး အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)၊ ရုံးချုပ်၊ သထုံလမ်း၊ ကမာရွတ်တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့သို့ ၂၀၁၃ ခုနှစ် ဒီဇင် ဘာ ၉ ရက်နောက်ဆုံးထားပြီး တက္ကသိုလ်ဝင်စာမေးပွဲအမှတ် မူရင်းစာရင်း သို့မဟုတ် မိတ္တူနှင့်အတူ လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျလက်ခံရရှိသော လျှောက်လွှာများနှင့် အချက်အလက် မပြည့်စုံသောလျှောက်လွှာများကို လက်ခံသွားမည်မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။ ထူးချွန်ကျောင်းသားများ ၀င်ခွင့်ရရှိသူများစာရင်းအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် များတွင် ကြေညာသွားမည်ဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...