Friday, December 6, 2013

စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီ အရောင်းဆိုင် ၁၀၆၂ ဆိုင် ဖွင့်လှစ်ပေးထားပြီး ဖွင့်လှစ်ခွင့် လျှောက်ထားသည့် ဆိုင်ပေါင်း ၄၄၂ ဆိုင်အား စိစစ်နေ


Friday, 06 December 2013



စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားသည့် ပုဂ္ဂလိက စက်သုံးဆီ သိုလှောင်ဆိုင် တစ်ခုအား တွေ့ရစဉ်

စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီ အရောင်းဆိုင် ၁၀၆၂ ဆိုင်အား ဖွင့်လှစ်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လျှောက်ထားသည့် ဆိုင်ပေါင်း ၄၄၂ ဆိုင်အား ဖွင့်လှစ်ခွင့်ပြုရန် စိစစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၀ ပြည့်နှစ်မှ စတင်၍ နိုင်ငံပိုင် စက်သုံးဆီဆိုင် ၂၆၁ ဆိုင်အား ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ ကုမ္ပဏီများသို့ လွှဲပြောင်းပြီးနောက် တရားမ၀င် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ရောင်းချမှု လျော့နည်းစေရန် စက်သုံးဆီ အရောင်းဆိုင် မရှိသေးသည့် မြို့၊ မြို့သစ်များ၊ လမ်းဆုံလမ်းမများနှင့် Toll Gate စသည့် နေရာများတွင် စက်သုံးဆီဆိုင်များ ဖွင့်လှစ်ခွင့်ပြုခဲ့ရာ လျှောက်ထားသည့် ဆိုင်ပေါင်း ၁၂၄၃ ဆိုင်အထိ ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာ လကုန်ပိုင်းအထိ စက်သုံးဆီဆိုင် ၈၀၁ ဆိုင်အား ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး လတ်တလောတွင် ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်အရေအတွက် ၁၀၆၂ ဆိုင် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ခွင့် ပြုပြီးနောက် စက်သုံးဆီ သိုလှောင်ဖြန့်ဖြူးရေး လုပ်ငန်းလုပ်ကိုင် လိုသူများကိုလည်း လျှောက်ထားခွင့်ပြုရာ သိုလှောင်ကန် လျှောက်ထားမှု ငါးခုအနက် သုံးခုအား လိုင်စင်ထုတ်ပေးရန် စိစစ်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်းရေကြောင်းနှင့် ကမ်းရိုးတန်းသွား ရေယာဉ်များ စက်သုံးဆီ တိုက်ရိုက်ဖြန့်ဖြူး ရောင်းချရန် လျှောက်ထားမှု များကိုလည်း ခွင့်ပြုပေးနေပြီး လျှောက်ထားလာသည့် ကုမ္ပဏီ ၁၇ ခု၏ ရေယာဉ် ၆၇ စင်းအနက် ကုမ္ပဏီလေးခု၏ ရေယာဉ်ကိုးစင်းကို ရောင်းချခွင့်လိုင်စင် ခွင့်ပြုပေးခဲ့ပြီး ကုမ္ပဏီ ၁၃ ခု၏ ရေယာဉ် ၅၈ စင်အား လိုင်စင်ထုတ်ပေးရန် စိစစ်ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ စက်သုံးဆီ အရောင်းဆိုင်များအား စွမ်းအင်ဝန်ကြီးဌာနမှ တိုးချဲ့ဖွင့်လှစ်မှုများ လုပ်ဆောင်နေသော်လည်း ပြည်တွင်း၌ ရောင်းချရန် စက်သုံးဆီများအား ပြည်ပမှ တင်သွင်းရာတွင် ပြည်တွင်း လည်ပတ်သုံးစွဲမှု ခန့်မှန်းအနေအထားနှင့် စက်သုံးဆီအား တရားဝင်တင်သွင်း၍ ပြည်တွင်း၌ ရောင်းချရန် လိုင်စင်လျှောက်ထားသည့် အနေအထားမှာ အဆပေါင်းများစွာ ကွာဟနေပြီး တရားမ၀င် တင်သွင်းမှု များပြားနေသဖြင့် စက်သုံးဆီ တရားမ၀င် တင်သွင်းမှုများအား စစ်ဆေးအရေးယူရန် ပြင်ဆင်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...