Friday, December 6, 2013

အမေရိကန်က ဆီးရီးယား အစ္စလာမ္မစ်သူပုန်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေ

Friday, 06 December 2013


အလက်ပိုမြို့အနီး ဆာလာအယ်ဒင်မြို့တွင် ဒီဇင်ဘာ ၄ ရက်က ဘတ်စ်ကားပျက်များဖြင့် အတားအဆီးများပြုလုပ်နေသည့် သူပုန်များ

အမေရိကန်သည် ဆီးရီးယားပြည်တွင်းစစ်ကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါ ဆီးရီးယားအတိုက်အခံအုပ်စုများထဲမှ အစ္စလာမ္မစ်စစ်သွေးကြွများနှင့် ဆွေးနွေးမှုပြုလုပ်နေပြီ ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်တစ်ဦးက ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အယ်လ်နုဆာကဲ့သို့သော အဖွဲ့များကို အမေရိကန်က အကြမ်းဖက်အဖွဲ့များအဖြစ် အမည်ဆိုးစာရင်းသွင်းထားသောကြောင့် အဆက်အသွယ် မလုပ်ဖူးကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီဟာ့ဖ်က ပြောကြားခဲ့သည်။

သူက " ဆီးရီးယားပြည်သူတွေနဲ့ အတိုက်အခံဘက်က နိုင်ငံရေးနဲ့ စစ်ရေးခေါင်းဆောင်တွေ စတဲ့သူတွေနဲ့ ကျွန်မတို့ ကျယ်ကျယ်ပြန့် ပြန့်စေ့စပ်ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ အဲ့ဒီထဲမှာ အစ္စလာမ္မစ်အဖွဲ့တွေ အစုံပါပါတယ် " ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ သို့သော် သူကအကြမ်းဖက်အဖွဲ့အဖြစ် ရည်ရွယ်ပြီး ဖွဲ့စည်းထားသော အုပ်စုများ၊ အကြမ်းဖက်သမားများနှင့် စေ့စပ်ဆွေးနွေးရေးလုပ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အကြီးတန်း သံတမန်တစ်ဦးကို လွန်ခဲ့သည့်လအတွင်းက အသစ်ဖွဲ့စည်းလိုက်သော မဟာမိတ်အဖွဲ့သစ်မှ စစ်သွေးကြွခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် စေလွှတ်လိုက်ပြီဟု ဝေါစထရိဂျာနယ်က ဖော်ပြခဲ့ပြီးနောက် ဟာ့ဖ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အစ္စလာမ္မစ်တပ်ဦး (Islamic Front) သည် ယခုအခါ ဆီးရီးယားလက်နက်ကိုင် အတိုက်အခံများထဲတွင် အင်အားအကြီးဆုံးအဖွဲ့ဖြစ်လာပြီး သမ္မတဘာရှားအယ်လ်အာဆတ် ကိုဖြုတ်ချရန် သုံးနှစ်နီးပါးကြာ တိုက်ပွဲဝင်လာခဲ့သည့် သောင်းနှင့်ချီသော တိုက်ခိုက်ရေးသမားများကို စုစည်းထားသည့် အဖွဲ့ဖြစ်သည်။ အဆိုပါ မဟာမိတ်အဖွဲ့သည် အစ္စလာမ္မစ်တို့၏ဒေသကို ဖန်တီးရန်လိုလားသည်ဟု ပြောကြားခဲ့ဖူးသော်လည်း သူတို့၏ ရည်ရွယ်ချက်သည် လူနည်းစုအုပ်စုများကို ကာကွယ်ပေးရန်သာဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်သည့် အာဏာပိုင်စနစ်တစ်ရပ် ဖန်တီးရန် မဟုတ်ဟု အခိုင်အမာပြောကြားခဲ့သည်။

ဘာသာရေးအစွဲကင်းသည့် လွတ်လပ်သော ဆီးရီးယားတပ်မတော် (Syrian Free Army )သည် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆေလင်းအီဒရစ် ၏လက်အောက်တွင်ရှိပြီး အာဆတ်၏ တပ်များအပြင် အယ်လ်ကေးဒါးအဖွဲ့နှင့် ဆက်နွှယ်နေသော သီးခြားစစ်သွေးကြွအဖွဲ့များနှင့်လည်း တိုက်ခိုက်နေရပြီး ရှေ့တန်းစစ်မြေပြင်များစွာ၌ အရေးနိမ့်နေသည်။

အမေရိကန်သံတမန်အဖွဲ့၏ ရည်မှန်းချက်မှာ စစ်သွေးကြွအဖွဲ့အချို့ကို ဇန်န၀ါရီ ၂၂ ရက်၌ ဂျီနီဗာတွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ရေးအတွက် ဆွဲဆောင်သိမ်းသွင်းရန်ဖြစ်ကြောင်း အနောက်တိုင်းမှ သက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

သို့သော် ဟာ့ဖ်က အမေရိကန်သည် မည်သည့်အုပ်စုများနှင့် ဆွေးနွေးနေသည်ဆိုခြင်းကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိဘဲ အမေရိကန်သည် အီဒရစ်ဦးဆောင်သော အမြင့်ဆုံးစစ်ကောင်စီကိုသာ ထောက်ပံ့ထားကြောင်း အထူးပြု ပြောကြားခဲ့သည်။ ဆီးရီးယားအတိုက်အခံများအနေဖြင့် ဂျီနီဗာ ဆွေးနွေးပွဲသို့ တက်ရောက်မည့်ကိုယ်စားလှယ်အဖွဲ့တွင် မည်သူတို့ကို ထည့်သွင်းမည်ဆိုခြင်းကို ယခုတိုင်ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...