Friday, December 6, 2013

First Look: မျက်နှာပြင် ၂ ဖက်ပါတဲ့ ရုရှားထုတ် YotaPhone





ပုံမှာတွေ့ရတာ ကတော့ ‘YotaPhone’ အသစ် ဖြစ်ပါတယ်။ ပရိသတ်တွေ အနေနဲ့ ဒီနာမည်က စိမ်းနေပါလိမ့်မယ်။ ရုရှားနိုင်ငံမှ စမတ်ဖုန်းထုတ်လုပ်သူ Yota ကုမ္ပဏီမှ အသစ် ထုတ်လုပ်လိုက်တဲ့ ‘Dual-Screen’ ဖုန်း ဖြစ်ပါတယ်။ ရုရှားနိုင်ငံနဲ့ သြစတြေးလျ၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ စတဲ့ ဥရောပ နိုင်ငံတွေမှာတော့ ဈေးနှုန်း ဒေါ်လာ ၆၀၀-၇၀၀ နဲ့ ယနေ့ကစပြီး ကြိုတင်ဝယ်ယူနိုင်ပါပြီ။

အခြားဒေသတွေမှာလည်း အဆိုပါ ‘Dual-Screen’ ဖုန်းကို မကြာခင် ရောင်းချဖြန့်ချိ သွားမှာပါ။ ဖုန်းမျက်နှာပြင်ဟာ သာမန်စမတ်ဖုန်းတွေလို ၁ ခုတည်းမဟုတ်ဘဲ ပုံမှာတွေ့ရတဲ့အတိုင်း ၂ ခု ဖြစ်ပါတယ်။ ဒါဟာ YotaPhone ရဲ့ ထူးခြားချက် တစ်ခုပါ။

မျက်နှာပြင်အကျယ် ၄.၃ လက်မရှိကာ Android OS အသုံးပြုမောင်းနှင် ထားပါတယ်။ စိတ်တိုင်းမကျတဲ့ အချက်တစ်ခုကတော့ အဆင့်မြင့်စမတ်ဖုန်းတွေ အားလုံး LED Display သုံးနေကြတဲ့အချိန်မှာ ဒီဖုန်းဟာ LCD Display နဲ့ ထွက်ရှိလာပါတယ်။ Resolution ကလည်း 720×1280 ဖြစ်ပါတယ်။ LCD Display ဆိုတော့ အခြား အဆင့်မြင့်ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် Display ပိုင်းမှာ တောက်ပမှု အားနည်းနေတာကို တွေ့ရပါလိမ့်မယ်။

Screen ၂ ခုရှိတဲ့အနက် ပထမတစ်ခုက LCD Display ဖြစ်ပြီး နောက်တစ်ခုကတော့ EPD (Electronic Paper Display) ဖြစ်ပါတယ်။ ဖန်တီးထားတဲ့ အိုင်ဒီယာလေးကတော့ မဆိုးပါဘူး။ Entertainment အတွက် LCD Display ဘက်မှာ သုံးပြီး စာပေတွေ ဖတ်ရှုဖို့ကတော့ EPD Display ဘက်ခြမ်းမှာ သုံးလိုက်ရုံပေါ့။

Yota စမတ်ဖုန်းကုမ္ပဏီရဲ့ CEO က ဒီလိုပြောပါတယ်။ ယနေ့ခေတ်မှာ စမတ်ဖုန်းတစ်လုံးကို ပုံမှန် သုံးစွဲသူ တစ်ယောက်ဟာ တစ်ရက်မှာ ဖုန်းကို ပိတ်လိုက်/ဖွင့်ကြည့်လိုက် အနည်းဆုံး အကြိမ် ၁၅၀ လောက် လုပ်ပါသတဲ့။ ဒါဟာ ဘာကြောင့်ပါလဲ?

ဘာလို့လဲ ဆိုတော့ User တွေဟာ သူတို့အတွက် အရေးကြီးတဲ့ ဘာ Message တွေ၊ ဘာ Noti တွေ ရောက်နေပြီလဲ ဆိုတာနဲ့ စမတ်ဖုန်းရဲ့ Lock ချထားတဲ့ Black Screen နောက်မှာ ဘာတွေ ဖြစ်ပျက်နေပြီလဲ ဆိုတာကို အချိန်နဲ့ တစ်ပြေးညီ သိချင်လို့ပါပဲ။ ဒါဟာ ဒီနေ့ခေတ်မှာ တကယ်ပဲ ထင်ထင်ရှားရှား ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ရပ်ပါ။

ဒါပေမယ့် စိတ်မပူပါနဲ့တော့။ YotaPhone ရဲ့ EPD Display ဘက်ခြမ်းဟာ ဒီကိစ္စကို ကောင်းစွာ ဖြေရှင်းသွားပါလိမ့်မယ်။ EPD ဟာ စာဖတ်ဖို့ တစ်ခုတည်းသာမက User အတွက် လိုအပ်တဲ့ Information တွေကို (ဖုန်း Screen ပိတ်ထားတဲ့အချိန်မှာတောင်) ဖော်ပြပေးသွားမှာပါ။ မျက်စိထဲ မြင်အောင် ပြောရရင် Nokia N9 မှာ ပါဝင်ခဲ့တဲ့ နည်းပညာနဲ့ ဆင်တူပါတယ်။

ဒီစနစ်ဟာ တကယ်သုံးစွဲတဲ့ သူတွေအတွက် တကယ်ကို အသုံးဝင်တဲ့ နည်းပညာ တစ်ခုပါ။ ကျွန်တော်တို့ အနေနဲ့ ဘယ်သူ့ဆီက Message ၀င်လာတာ၊ ဘယ်သူက ဖုန်းဆက်ထားတာ စတာတွေကို ဖုန်း Screen ဖွင့်ကြည့်နေစရာ မလိုတော့ဘဲ ဖုန်းကို ကောက်ကိုင်လိုက်တာနဲ့ သိနိုင်ပြီ ဖြစ်ပါတယ်။
ဒါကြောင့် ရုရှားနည်းပညာကုမ္ပဏီကြီးက သူတို့ဖုန်းကို “Always-On” ဖုန်းလို့ တင်စားခေါ်ဆိုထား ပါတယ်။

မျက်နှာပြင် ၂ ဖက်ပါတဲ့ ဒီ Dual-Screen ဖုန်းဟာ 1.7 GHz Dual-Core Processor ကို သုံးစွဲထားကာ Android 4.2.2 (Jelly Bean) OS တင်ထားပါတယ်။ RAM 2GB, 13 MP ကင်မရာနဲ့ 1800mAh ဘက္ထရီလည်း တပ်ဆင်ပေးထားပါတယ်။

ရုရှားနိုင်ငံနဲ့ ဥရောပ နိုင်ငံတွေ အတွက်တော့ ဒီဖုန်းကို Online ကနေ ရောင်းချပေးနေပါပြီ။

သင့်အနေနဲ့ရော ဒီလို တီထွင်ဆန်းသစ်ထားတဲ့ ရုရှားထုတ် Yota Phone ကို ဘယ်လို ထင်မြင်ယူဆ မိပါလဲ?

Ref: Android&ME, PCMag

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...