Friday, December 6, 2013

မဟာဗန္ဓုလပန်းခြံ ၀င်ကြေးအခမဲ့ ကောက်ခံပြီးနောက်ပိုင်း နိုင်ငံခြားသား အပါအ၀င် လာရောက်အပန်းဖြေသူ တစ်နေ့လျှင် ၆၀၀ နီးပါးရှိ

Friday, 06 December 2013


မဟာဗန္ဓုလပန်းခြံသို့ လာရောက်လည်ပတ်ကြသူများကို တွေ့ရစဉ်(ဓာတ်ပုံ-မို့မို့)

ဆူးလေ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံကို အဆင့်မြှင့်တင်မှုများ ပြုလုပ်ပြီးဝင်ကြေးအခမဲ့ ကောက်ခံပြီးနောက်ပိုင်းတွင် နိုင်ငံခြားသားဧည့်သည်အပါအ၀င် လာရောက် အပန်းဖြေသူများ တစ်နေ့လျှင် ၅၀၀ မှ ၆၀၀ နီးပါးအထိရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ သိရသည်။

" ၀င်ကြေးကောက်တုန်းကဆိုရင် ပိတ်ရက်တောင် လာလည်တဲ့သူ မရှိသလောက်ဘဲ။ ၀င်ကြေးအခမဲ့ ဖြစ်ပြီးနောက်ပိုင်း ကစားကွင်းတွေ၊ ရေပန်းတွေလည်းရှိတော့ လာလည်တဲ့သူတွေလည်း အရမ်းများလာတယ်။ ကြားရက် ညနေစောင်းတွေမှာ ဆိုရင်တောင် စည်ကားနေတာ ပိတ်ရက်ဆိုရင်တော့ မိသားစုအလိုက် လာတဲ့သူတွေ၊ အုပ်စုလိုက်ပျော်ပွဲစား ထွက်တဲ့သူနဲ့ ပိုပြီးစည်ကားလာပါတယ်။ ဆက်လက်ပြီးတော့လည်း မိဘပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ဖို့အတွက် အပျော်တမ်း ဖျော်ဖြေရေးအစီအစဉ်တွေကို အပတ်စဉ် တင်ဆက်ပေးသွားမှာပါ " ဟု ပန်းဥယျာဉ်နှင့် အားကစားကွင်းများဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မဟာဗန္ဓုလပန်းခြံတွင် လွတ်လပ်ရေး အထိမ်းအမှတ်ကျောက်တိုင် တည်ရှိခြင်းကြောင့် နိုင်ငံခြားသားဧည့်သည်များနှင့် ပြည်သူများ ၀င်ရောက်လေ့လာကြည့်ရှုခြင်း ဖြစ်ပြီး ယခုနောက်ပိုင်းတွင် အဆင့်မြှင့်တင် မှုများအဖြစ် ရေပန်းအလှနှင့် ကလေးကစားကွင်းများ ထည့်သွင်းလိုက်ခြင်းကြောင့် လာရောက်လည်ပတ်သူ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းသိရသည်။

" ၀င်ကြေးပေးရတာ မပေးရတာထက် အရင်တုန်းကလို မဟုတ်တော့ဘဲ ဒီလိုမျိုး ကစားကွင်းတွေ၊ ရေပန်းလိုမျိုး အလှအပရှုခင်းတွေ ထပ်ထည့်လိုက်တော့ ခြောက်ခြောက်ကပ်ကပ် ဖြစ်မနေတော့ဘဲ ပန်းခြံဆိုတဲ့ နာမည်နဲ့ ပိုလိုက်သွားတာပေါ့။ ကလေးကျောင်းပိတ်ရက်ဆို နီးနီးနားနားလည်း ဖြစ်နေတော့ မိသားစုလိုက် လာဖြစ်ပါတယ်။ ကလေးတွေက ကစား၊ အန်တီတို့ကလည်း စားသောက်ရင်းနဲ့ အပန်းလာဖြေတာပါ " ဟု ကျောက်တံတားတွင်နေထိုင်သူ ဒေါ်သီတာလင်းက ပြောကြားသည်။

ယခင်က ပန်းခြံဝင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ် ၃၀၀ စီကောက်ခံခဲ့ရာ ၂၀၁၃ ဧပြီ မှစတင်၍ ၀င်ကြေးအခမဲ့ ကောက်ခံခဲ့ကြောင်း သိရသည်။
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...