Thursday, December 5, 2013

ငြိမ်းချမ်းရေးပါမစ်ဖြင့် သွင်းလာသည့် ကျပ်သိန်းသောင်းချီတန် ကားအစီးရေ ၁၀၀၀ ကျော်အတွက် အနည်းဆုံး အခွန်ငွေ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာ

Thursday, 05 December 2013
ကားတင်သွင်းခွင့်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့်သည့် တန်ဖိုးမရရှိ၊ နိုင်ငံတော်အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်း သူအချို့သာ ကောင်းစားသွားသည့် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာနေကြောင်း သိရသည်။

ယခုတင်သွင်းနေသည့် ကားအများစုမှာ တစ်စီးလျှင် အနိမ့်ဆုံး အခွန်ကျပ်သိန်း ၁၁၀၀ ကျော်မှ အမြင့်ဆုံး ကျပ်သိန်း ၈၅၀၀ ကျော်အထိ ကျသင့်သည့် ကားများကိုသာ အများဆုံး တင်သွင်းနေခြင်း ဖြစ်သည်။

အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ရသည့် ငြိမ်းချမ်းရေး ကားပါမစ်နှင့် ကညနခွန် တစ်ခုတည်းကိုပင် ရာခိုင်နှုန်း ၆၀ သာပေးဆောင်ရသည့် ငြိမ်းချမ်းရေး ကားပါမစ် နှစ်မျိုးနှစ်စားဖြင့် တင်သွင်းလျှက်ရှိကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအတွက် ချထားပေးသည့် ကားပါမစ်များဟု ဆိုသော်လည်း အဖွဲ့အစည်း အမည်ပေါက်မဟုတ်ဘဲ မည်သူမဆို ၀ယ်ယူစီးနင်းသူတိုင်း၏ တိုက်ရိုက် အမည်ပြောင်းခွင့်ကိုလည်း ရရှိထားသည့် ပါမစ်အမျိုးအစားများဖြစ်ပြီး ကြားပွဲစားအဆင့်ဆင့်နှင့် ၀ယ်ယူစီးနင်းသူများသည် အနိမ့်ဆုံး အမေရိကန် ဒေါ်လာ တစ်သိန်းကျော်မှ အမြင့်ဆုံး အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော ကားအမျိုးအစားများကိုသာ အများအပြား တင်သွင်းလာကြခြင်း ဖြစ်သည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေးဆောင်၍ တင်သွင်းမည်ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီးတန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည်ဖြစ်ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ်ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေကျပ် သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာ များစွာနစ်နာပြီး တင်သွင်းစီးနင်းသူနှင့် ကြားပွဲစား အကျိုးအမြတ်များစွာ ရရှိသွားသည်။

အနိမ့်ဆုံးထား တင်သွင်းနေသည့် အမေရိကန်ဒေါ်လာ တစ်သိန်းဝန်းကျင် တန်ကြေးရှိ Lexus အမျိုးအစားတစ်စီးအတွက်ပင် အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပေးလိုက်ပါက အခွန်ငွေကျပ်သိန်း ၁၁၀၀ ကျော်အထိ နစ်နာလျှက်ရှိသည်။

ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ် ၍တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမှန်တကယ်ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည် ဖြစ်သည်။

ငြိမ်းချမ်းရေးပါမစ်များဖြင့် လက်ရှိတင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော Rolls Royce အမျိုးအစားကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင်အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစားကားများသည် အစီး ၂၀ နီးပါး အထိ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် အစီးရေများစွာ ထပ်မံတင်သွင်းရန် စီစဉ်ထားကြောင်း သိရသည်။

ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ နိုင်ငံအတွက်လုပ်တာပဲ။ ငြိမ်းချမ်းရေးအတွက်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ လွှတ်တော်ကနေတစ်ဆင့် တောင်းပေါ့။ တစ်ကယ့် ငြိမ်းချမ်းရေးအတွက် တောင်းတာပဲ။ မပေးဘူးဆိုရင် ဒါလွှတ်တော်ရဲ့ တာဝန်ပဲ။ အန်ကယ့် အမြင်အရဆိုရင် ပြောပါတယ် . . .


အဓိကအားဖြင့် မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျှက်ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lambor- ghini, Lexus, BMW ကဲ့သို့ ကားများအများဆုံး နံပါတ်ထုတ်ယူကြောင်း သိရသည်။

အဖွဲ့အစည်းများအတွက် ချထားပေးခြင်းဖြစ်ရာ အဖွဲ့အစည်းအမည်ဖြင့် တင်သွင်းအသုံးပြုနေသည့် ကားများကိုမူ အခွန်ကင်းလွတ်ခွင့် ပေးထားသည်မှာ နည်းလမ်းတကျ မှန်ကန်ကြောင်း၊ သို့သော် မိမိအမည်ပေါက်ဖြင့် တင်သွင်းအသုံးပြုနေသည့် ဒေါ်လာ သိန်းပေါင်းများစွာ တန်ကြေးရှိသည့် ကားများအပေါ်၌မူ အခွန်ပြန်လည် စည်းကြပ်ရန် လိုအပ်နေသည်။

ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းလာမည့် ကားများအတွက် နံပါတ်ပေးရာတွင် ၉င/--- စီးရီး၌ အစီး ၃၀၀၀ အထိ ချန်ပေးထားသည်ဟု သိရသည်။

လက်ရှိအစီး ၁၀၀၀ ကျော်အတွက်ပင် အနည်းဆုံးအခွန်ငွေကျပ် ဘီလျံ ၂၀၀ အထိ နစ်နာသွားရာ အစီး ၃၀၀၀ အထိ တင်သွင်းခွင့်ပေးလိုက်ပါက အခွန်ငွေမည်မျှ နစ်နာသွားမည်ကို ခန့်မှန်းနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပေးရာ၌ တစ်နှစ်လျှင် ကျပ် ၁၈၅ ဘီလျံအရှုံးပေးနေရ၍ဟုဆိုကာ ယခုလျှပ်စစ်မီတာခများအား စီးပွားရေးလုပ်ငန်းသုံးဆိုလျှင် နှစ်ဆအထိပင် တိုးမြှင့်တော့မည်ဖြစ်ရာ ယခင်ကတည်းက နေရေးစားရေးအတွက် အလျဉ်မီရန် ရုန်းကန်နေရသော အများပြည်သူမှာ လျှပ်စစ်ဓာတ်အားခ တိုးသည့်ဒဏ်ကို ထပ်မံခံစားရဦးမည် ဖြစ်သည်။

ထိုသို့သောအချိန်တွင် အခွန်မဆောင်ဘဲ ချမ်းသာနေသည့် လုပ်ငန်းရှင်ကြီးအချို့မှာ ကားတစ်စီးလျှင် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည့်အခွန်ကို ပေးဆောင်စရာမလိုဘဲ ကျပ်သိန်းပေါင်း သောင်းချီတန်သည့်ကားကို ကျပ်သိန်းပေါင်း ၅၅၀၀ ဖြင့် စီးနင်းခွင့်ပေးထားသကဲ့သို့ ဖြစ်နေခြင်းမှာ မဖြစ်သင့်သည့်အတွက်လည်း အဖွဲ့အစည်းအမည်ဖြင့်မဟုတ်ဘဲ မိမိအမည်ပေါက် လုပ်ထားသည့် ကားများကို အခွန်ပြန်ကောက်ရန်လိုခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီအတွင်းရေးမှူး ဦးအေးမောက်က "ငြိမ်းချမ်းရေးအတွက် ကားပါမစ်တွေ ပေးနေတယ်ဆိုတာ သူတို့မှာလည်း လုပ်ပိုင်ခွင့်တော့ ရှိတာပေါ့။ လုပ်ပိုင်ခွင့် ရှိပေမယ်လို့လည်း ဒီလိုလုပ်တာတွေကို လွှတ်တော်နဲ့ညှိတော့ ညှိနှိုင်းသင့်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒါ policy ပိုင်း ဖြစ်လာပြီလေ။ တကယ်တော့ ဒါတွေလုပ်ရင် ဥပဒေပိုင်း ဖြစ်လာပြီလို့လည်း ထင်တယ်လေ။ ငြိမ်းချမ်းရေးအဖွဲ့တွေကို သူတို့ ငြိမ်းချမ်းရေး ရပြီးတဲ့နောက် ရပ်တည်နိုင်အောင် သူတို့ရဲ့ဘ၀တွေကို ဆက်လက် တည်ဆောက်နိုင်အောင် ဒါတွေကလိုတယ်။ လိုတာတွေကို ဒါမျိုးလေးတွေလောက်တင် မလုပ်ဘဲ ရေရှည် တည်တံ့အောင် လုပ်ပေးဖို့လိုတယ်။ လုပ်ပေးဖို့အတွက်က အစိုးရနဲ့တင်မရဘူး။ ဥပဒေတွေ ပြဋ္ဌာန်းပြီး ဥပမာနိုင်ငံတော်ကနေ ဘာတွေထောက်ပံ့ပြီး ဘယ်လိုလုပ်မယ်ဆိုတာ ဒါကအသေးစိတ် ရေးဆွဲတင်ပြီး လုပ်ကိုင်သင့်ပါတယ်။ ငြိမ်းချမ်းရေးလုပ်တယ်ဆိုတာ နိုင်ငံအတွက်လုပ်တာပဲ။ ငြိမ်းချမ်းရေးအတွက်ဆိုရင် ပွင့်ပွင့်လင်းလင်းပဲ လွှတ်တော်ကနေတစ်ဆင့် တောင်းပေါ့။ တကယ့် ငြိမ်းချမ်းရေးအတွက် တောင်းတာပဲ။ မပေးဘူးဆိုရင် ဒါလွှတ်တော်ရဲ့ တာဝန်ပဲ။ အန်ကယ့် အမြင်အရဆိုရင် ပြောပါတယ်။ လိုအပ်တဲ့ငွေကြေးကို တကယ်ငြိမ်းချမ်းရေး ရမယ်ဆိုရင် ဘယ်လောက်ကုန်ကုန် တောင်းသင့်တယ် ထင်တယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ငွေစာရင်းကော်မတီ ဥက္ကဋ္ဌဦးသူရိန်ဇော်က "အစိုးရအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ အသုံးပြုဖို့ ဘတ်ဂျက် ကျပ်သန်း ၁၀၀၀၀ ကို ပြီးခဲ့တဲ့ လွှတ်တော်က ခွင့်ပြုပေးပြီး ဖြစ်ပါတယ်။အဲဒီခွင့်ပြုပေး ထားတဲ့ ငြိမ်းချမ်းရေးဘတ်ဂျက်အပြင် သမ္မတရုံး သီးသန့်ရန်ပုံငွေထဲကနေလည်း ခေါင်းစဉ်တစ်ခုအနေနဲ့ သုံးလို့ရပါတယ်။ငြိမ်းချမ်းရေးကိစ္စမှာ အသုံးပြုတဲ့ ကားပါမစ်ဆိုတဲ့ သတင်းတွေကတော့ ငြိမ်းချမ်းရေး ဆောင်ရွက်တာမှာ ပိုမိုအဆင်ပြေချောမွေ့အောင် ဆောင်ရွက်တာ ဖြစ်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ အခွန်သက်သာခွင့် ပေးနေမှုများသည် တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေ နစ်နာနေသောကြောင့် ယင်းသို့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုနိုင်သည့် အခွန်ဆိုင်ရာ ဥပဒေများကို လွှတ်တော်များက ပြင်ဆင်သင့်နေပြီ ဖြစ်သည်ကိုတည်ဆဲဥပဒေများအရ သိရသည်။

ကုန်သွယ်လုပ်ငန်းခွန်၊ ပို့ကုန်သွင်းကုန်၊ ၀င်ငွေခွန်၊ အကောက်ခွန်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဥပဒေများရှိနေပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၀င်ငွေခွန်ဥပဒေ၊ အကောက်ခွန်နှုန်းဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေစသည့် ဥပဒေများဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေတိုင်းတွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများက အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်များ လုပ်ထုံးလုပ်နည်းများ လိုအပ်သလို ထုတ်ပြန်နိုင်ရန် ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ အဆိုပါ ဥပဒေများအနက် အခွန်ဆိုင်ရာ သက်သာခွင့် ကင်းလွတ်ခွင့်များ ပေးနိုင်သည့် ဥပဒေများမှာ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ ၀င်ငွေခွန်ဥပဒေ၊ အကောက်ခွန်နှုန်းဥပ ဒေတို့ဖြစ်ပြီး အမိန့်ကြော်ငြာစာထုတ်ပြန်၍ အ ခွန်ကင်းလွတ်ခွင့်ပေးနိုင်သည်ကိုတွေ့ရသည်။
ကားတင်သွင်းမှုကဲ့သို့ကုန်ပစ္စည်းများ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဖြင့်လည်းကောင်း၊ ၀င်ငွေနှင့် ပတ်သက်၍ ၀င်ငွေခွန်ဥပဒေဖြင့်လည်းကောင်း၊ အကောက်ခွန်နှုန်းနှင့်ပတ်သက်၍ အကောက် ခွန်နှုန်းဥပဒေဖြင့် လည်းကောင်း အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ပေးနိုင်သည်ကို တွေ့ရသည်။

အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များပေးရာတွင် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေဆိုပါက ပုဒ်မ ၈ အရလည်းကောင်း၊ အကောက်ခွန်နှုန်း ဥပဒေဆိုပါက ပုဒ်မ ၇ အရ လည်းကောင်း အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ပေးနိုင်သည်ကို ဥပဒေများ၌ ပြဋ္ဌာန်းထားသည်။

ယင်းကဲ့သို့ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ ပေးနိုင်မှုပေါ်တွင် လုပ်ငန်းရှင်အချို့ အပါအ၀င် အဖွဲ့အစည်းအချို့မှ လူပုဂ္ဂိုလ်တချို့က မိမိတင်သွင်းလိုသည့် ပစ္စည်းအမျိုးအစားပေါ်တွင် အခွန်သက်သာစေရန် သက်ဆိုင်ရာဌာနများ သက်ဆိုင်ရာတာဝန်ရှိသူများ ထံချဉ်းကပ်လာဘ်ပေးကာ အခွင့်အရေးယူလာနိုင်သဖြင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်လာနိုင်ကြောင်း ဥပဒေပညာရှင်တစ်ဦးက သုံးသပ်ခဲ့သည်။

တစ်ခါတစ်ရံတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ချက်များသည် ဥပဒေအရ ထုတ်ပြန်နိုင်သော်လည်း ဥပဒေပေါ်တွင် လွှမ်းမိုးသကဲ့သို့ မဖြစ်ရန် အရေးကြီးကြောင်း၊ အမိန့်ကြော်ငြာစာများ မကြာခဏထုတ်ပြန်၍ ကင်းလွတ်ခွင့် သက်သာခွင့်များပေးမည်ဆိုပါက မူလဥပဒေအပေါ်တွင် ပြည်သူများ ယုံကြည်လေးစားမှု လျော့ကျနိုင်သည်ကို သတိပြုသင့်ကြောင်း ဥပဒေပညာရှင်များက ဆိုသည်။

ထို့ကြောင့် ယင်းဥပဒေများအရ အခွန်ကင်းလွတ်ခွင့်များနှင့် ပတ်သက်၍ လိုသလို အမိန့်ကြော်ငြာစာ ထုတ်ပြန်ကာ အခွန်သက်သာခွင့် ကင်းလွတ်ခွင့်ပေးခြင်းထက် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ကာ တိကျသည့် အမျိုးအစားသတ်မှတ်ချက်ဖြင့် တိုင်းပြည်အတွက် မနစ်နာနိုင်သည့် အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များပေးနိုင်ရန် လွှတ်တော်များက ယင်းဥပဒေများကို ပြန်လည်သုံးသပ်ကာ ပြင်ဆင်သင့်ကြောင်း အထက်တန်း ရှေ့နေတစ်ဦးက အကြံပြုခဲ့သည်။

တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟူသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၆ ပြဋ္ဌာန်းချက်နှင့် တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ဟူသည့် ဖွဲ့စည်းပုံ ခြေခံဥပဒေပုဒ်မ ၄၄၇ ပြဋ္ဌာန်းချက်များအရ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တည်ဆဲဥပဒေအားလုံး၏ အထွတ်အထိပ်ဖြစ်သည်ကို တွေ့ရှိရပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ပါက ယင်းဥပဒေသည် အလိုအလျောက် အတည်မဖြစ်တော့သည်ကို လေ့လာတွေ့ရှိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ အခွန်ကင်းလွတ်ခွင့် သက်သာခွင့်များ မကြာခဏပေးနေပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်သကဲ့သို့ ဖြစ်နိုင်ကြောင်း ဥပဒေနှိုင်းယှဉ် လေ့လာချက်များအရ သိရသည်။

နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု ၀န်ကြီးများသည် ဖွဲ့စည်း ပုံအခြေခံဥပဒေကို လိုက်နာကြရမည်ဖြစ်ပြီး မလိုက်နာသူရှိခဲ့ပါက စွပ်စွဲပြစ်တင်ခံရနိုင်ကာ တာဝန်မှ ရပ်စဲခံရမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၇၁ နှင့် ၂၃၃ ပြဋ္ဌာန်းချက်များအရ သိရသည်။

အလားတူ ဘဏ္ဍာရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂၉ တွင် ပြဋ္ဌာန်းထားပြီး ဘဏ္ဍာရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၀။ (က) ၌ ပြည်ထောင်စု ၀န်ကြီးဌာနများ၏ အရသုံး ခန့်မှန်းခြေငွေစာရင်းများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အရသုံးခန့်မှန်း ခြေငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ဒုတိယသမ္မတ တစ်ဦးဦးက ဦးဆောင်စိစစ်၍ ပြည်ထောင်စုဝန်ကြီး ဌာနများအပါအ၀င် အဖွဲ့အစည်းများ၏ အရသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေး ကော်မရှင်သို့ တင်ပြရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဘဏ္ဍာရေး ကော်မရှင်အနေဖြင့် ပြည်ထောင်စု ၀န်ကြီးဌာနများ အပါအ၀င် အဖွဲ့အစည်းများ၏ အရသုံးငွေစာရင်း လျာထားချက်ကို လိုသလို စစ်ဆေးနိုင်သည်ကို သိရသည်။




EMG 

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...