Tuesday, August 20, 2013

မိမိ၏စရိုက်နှင့် မကိုက်သည့် အိပ်မက်များ သတိထား



ကျွန်တော်သည် အသက်ကြီးလာပြီဖြစ်လို့ ကျန်းမာရေးကို ဂရုစိုက်သည်။ ကျန်းမာစွာဖြင့် အသက်ရှည်ဖို့ အရေးကြီး သည်ဆိုသည့် ယုံကြည်ချက်ဖြင့် ကျန်းမာအောင်၊ အသက်ရှည်အောင် ဂရုစိုက်နေတာ ဖြစ်သည်။ အနည်းဆုံးခြောက်လတစ်ကြိမ် ဆေးစစ်ခံသည်။ ဆရာဝန်က ၀မ်းသာအားရ ပြောသည်။

“အန္တရာယ်ဖြစ်လောက်တဲ့ ကြီးကြီးမားမားရောဂါ ဘာမှမရှိဘူး။ အားလုံးကောင်းတယ်”

“လှုပ်လှုပ်ရှားရှား လုပ်လိုက်ရင် မောတယ် ဆရာ”

“ဒီအသက်အရွယ်ဟာ နည်းနည်းတော့ မောမှာပေါ့။ အိပ်လို့ပျော်ရဲ့လား”

“အိပ်လို့တော့ ပျော်ပါတယ်ဆရာ။ ဒါပေမဲ့ ကျွန်တော့်စရိုက်နဲ့ မကိုက်တဲ့အိပ်မက်တွေ မက်ပြီး နိုးလာပြီဆိုလျှင် ရင်ခုန်ပြီး မောနေတတ်ပါတယ်”

“စရိုက်နဲ့ မကိုက်တဲ့ အိပ်မက်ဆိုတာ ဘာကိုပြောတာလဲ”

“ဒီလိုပါဆရာ၊ ကျွန်တော်ဟာ အိပ်မက်ထဲမှာ ဖြစ်ခဲ့တဲ့အဖြစ်မျိုးကို ဘယ်တော့မှ အဖြစ်မခံဘူး။ အိပ်မက်ထဲမှာ လုပ်တဲ့ အလုပ်မျိုးကို ကျွန်တော် ဘယ်တော့မှမလုပ်ဘူး။ ကျွန်တော်မက်တဲ့ အိပ်မက်တွေဟာ ကျွန်တော့်စရိုက်နဲ့ မကိုက်တာကို တွေ့ရတယ်ဆရာ။ အိပ်မက်က လန့်နိုးလာရင် ဒီလိုဖြစ်ရမလားဆိုပြီး ဒေါသစိတ်နဲ့ မောနေ တတ်ပါတယ်”

“ဘယ်လိုအိပ်မက်မျိုးတွေကို မက်လို့လဲ”

ကျွန်တော် မက်တတ်သည့် အိပ်မက်တွေကို ပြောပြလိုက်သည်။ အလွန် မတ်စောက်သည့် ကျောက် တောင်ကြီးကို ချိတ်တက်ဖြတ်ကျော်ရသည်။ ပြုတ်ကျသွားလိုက်လို့ကတော့ အရိုးတခြား အသားတခြားဖြစ်ပြီး သေနိုင်သည့်ကျောက်တောင်ကို ချိတ်တက်ရသည်ဟူ၍ လည်းကောင်း၊ ဘ၀အတွက် အလွန် အရေးကြီးသည့် စာမေးပွဲကို ၀င်ဖြေရာမှ ဘာမှအဆင်သင့်မဖြစ်လို့ အချိန်စေ့ကာနီးအထိ တစ်လုံးမျှ ချမ ရေးရသေးဟူ၍ လည်းကောင်း၊ အိပ်မက်ထဲမှာ ချွေးပြန်သည့် အိပ်မက်မျိုးတွေ ဖြစ်သည်။

ဒီအိပ်မက်တွေသည် ကျွန်တော်၏စရိုက်နှင့် လုံးဝကိုက်ညီမှုမရှိသော အိပ်မက်တွေသာဖြစ်သည်။ ကျွန်တော် သည် ဖြတ်လမ်းလိုက်သူမဟုတ်လို့ အန္တရာယ်ဖြစ်နိုင်သော ကျောက်တောင်ကြီးကို ဘယ်တော့မှ ချိတ်တက်မည် မဟုတ်ပါ။ ကျွန်တော်သည် ဘ၀အတွက် လိုအပ်သည့် စာမေးပွဲတွေကို ဖြေဆိုခဲ့ဖူးသည်။ အချိန်ယူ လေ့ကျင့် ကျက်မှတ်ပြီး စနစ်တကျစီစဉ်ကာ ပိုင်နိုင်စွာ ဖြေဆိုခဲ့သည်ချည်းဖြစ်သည်။ အိပ်မက် ထဲမှာလို ခဲတံကျိုးတာ၊ဖောင်တိန် မင်ကုန်တာ၊ မေးခွန်းစာရွက် ပျောက်နေလို့ လိုက်ရှာနေတာမျိုးတွေ ဘယ်တုန်းကမှ မဖြစ်ခဲ့ပါ။ဖြစ်စရာလည်း အကြောင်းမရှိပါ။ သတိဖြင့် နေခဲ့တာဖြစ်သည်။

မနေ့ညက မက်ခဲ့သည့် အိပ်မက်ကတော့ အတော် ခံပြင်းစရာကောင်းသည်။ ဒေါသထွက်စရာ ကောင်းသည်။ ဒီလိုအိပ်မက်မျိုးကိုမှ မက်ရသလားလို့ မိမိကိုယ်မိမိ အပြစ်တင်မိသည်။ ဒီအိပ်မက်သည်လည်း ကျွန်တော့်စရိုက်နှင့် လုံးဝမကိုက်သည့် အိပ်မက်ဖြစ်သည်။ အိပ်မက်ထဲမှာဖြစ်ခဲ့သလို ကျွန်တော် ဘယ်တော့မှ မဖြစ်နိုင်ဆိုတာကို အာမခံရဲသည်။ အိပ်မက်ထဲက အတိုင်းသာဆိုလျှင် ကျွန်တော်သည် ခပ် ကြောင်ကြောင်အကောင်၊ အလကား အကောင်၊ ငကြောင်ဖြစ်သွားသည်။ ကျွန်တော်သည် အိပ်မက်ထဲက ကျွန်တော့်လောက် ဘယ်တုန်းကမှ မကြောင်ခဲ့ပါ၊ မတုံး မအခဲ့ပါ။ အမြဲ သတိဖြင့်နေသည့်အတွက် ပြဿနာတစ်ခုဖြစ်လာလျှင် တည်တည်ငြိမ်ငြိမ်၊ခေါင်းအေးအေးဖြင့် စေးစေးပိုင်ပိုင် လုပ်ကိုင်ဆောင်ရွက်တတ်ပါသည်။ ညကမက်ခဲ့သည့် အိပ်မက်ထဲမှာတော့ ကျွန်တော်သည် အိုးနင်းခွက်နင်းဖြစ်နေခဲ့ပါသည်။

အိပ်မက်ထဲမှာ ကျွန်တော်သည် မြို့ထဲက အစိုးရရုံးကြီးတစ်ရုံးကို ကိစ္စတစ်ခုဖြင့် သွားသည်။ ရုံးကြီး၏ ခြံဝင်း ထဲကမော်တော်ကားတွေ ရပ်သည့်နေရာမှာ ကျွန်တော့်ကားကို တခြားကားတွေနှင့်အတူ ရပ်ထားခဲ့ ပါသည်။ ရုံးကြီးပေါ် က ကိစ္စပြီးလို့ ပြန်ဆင်းလာသောအခါ ကျွန်တော့်ကား၏ ၀ဲဘက်မှာ ဘင်ကားအဖြူ တစ်စီးသည် ကျွန်တော့်ကား၏ ၀ဲဘက် ရှေ့တံခါးကို ပိန်ချိုင့်အောင် ၀င်တိုက်ပြီး ရပ်ထားတာ တွေ့လိုက် ရပါသည်။ အဲဒီကားပေါ်မှာ မူလတန်းကျောင်းသားအရွယ် ကလေးငယ်တွေ ထိုင်လျက် ဆော့နေကြတာ တွေ့ရပါသည်။ ကားခေါင်းခန်းမှာ ယာဉ်မောင်းသမားကိုတော့မတွေ့ပါ။ ပြဿနာဖြစ်ပြီ။ဒီကားကိုမောင်း သူနှင့် စကားပြောရတော့မည် ဖြစ်သည်။

ဒီအခြေအနေရောက်တော့မှ ကျွန်တော်၏ မော်တော်ကားသော့သည် ရုံးကြီးပေါ်က ကျွန်တော်သွားသည့် ဌာနစားပွဲပေါ်မှာ ကျန်နေခဲ့တာကို သတိရလာသည်။ မော်တော်ကားသော့ယူရန် ရုံးကြီးပေါ်ကို ပြန်တက်ရန် သွားသည်။ ညနေ ရုံးဆင်းသွားကြပြီဖြစ်လို့ ရုံးရှေ့က အ၀င်တံခါးကြီး ပိတ်ထားတာ တွေ့လိုက်ရသည်။ ရုံးစောင့်တာဝန်ကျ လုပ်သားသည် ရုံးထဲမှာရှိနေပြီး မီးတွေလိုက်ပိတ်၊ ရေဘုံဘိုင်ခေါင်း တွေ လိုက်စစ်၊ အရာရှိအခန်းတံခါးတွေ သော့ခတ် လိုက်လုပ်နေသည့် အသံတွေကို ကြားနေရသည်။ ရုံး ကြီး၏ တစ်နေရာမှာ ရုံးထဲကိုဝင်လို့ရသည့် မလွယ်ပေါက်တစ်ပေါက် ရှိနေတာကို ကျွန်တော်မြင်ခဲ့သည်။ အဲဒီမလွယ်ပေါက်ကနေ ရုံးထဲကိုဝင်ပြီး ကားသော့ကို သွားယူမည်ဟု ဆုံးဖြတ်လိုက်သည်။

အဲဒီမလွယ်ပေါက်သည် ရုံးကြီး၏ ပထမထပ်မှာ ရှိသည့်အတွက် မြေပေါ်မှ ပထမထပ်ကိုရောက်အောင် မိလ္လာပိုက်၊ ရေဆိုးထုတ်ပိုက်တွေကို ဖက်တွယ်ပြီးတက်ရသည်။ အတော်ပင်ပန်းသည်။ အန္တရာယ် အလွန်များသည်။ ရုံးဆင်းချိန်မှာ ရုံးထဲကို မလွယ်ပေါက်က၀င်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ဖက်တွယ် ချိတ် ဆက်လိုက်သောအခါ လူတစ်ကိုယ်စာ ၀င်သာသည့် မလွယ်ပေါက်ရှိရာကို ရောက်သွားပါသည်။ မလွယ်ပေါက်မှ ရုံးထဲကို ၀င်မလို့ လုပ်သည့် အချိန်မှာပဲ ရုံးစောင့်က ကျွန်တော့်ကို မြင်တွေ့သွားသည်။

“ဆရာ ဘာလုပ်တာလဲ”

“စားပွဲပေါ်မှာ ကားသော့ကျန်နေခဲ့လို့ပါ”

“ဒီကမ၀င်ပါနဲ့၊ ရုံးရှေ့က ၀င်လာခဲ့ပါ။ ကျွန်တော် တံခါးဖွင့်ပေးပါ့မယ်”

ကျွန်တော်သည် ခက်ခက်ခဲခဲ တက်ထားသည့်နေရာမှ မြေပေါ်ကို ပြန်ဆင်းခဲ့ပါသည်။ အတော် မောပန်း သည်။ အန္တရာယ်မဖြစ်ဘဲ မြေပေါ်ကို ပြန်ရောက်သည်။ ရုံးကြီးပေါ်ကို တက်မလို့ ရုံးရှေ့ကိုလာစဉ်မှာ ကျွန်တော့်ကားကို တိုက်ပြီး ရပ်ထားသည့် ကားသည် ရုံးကြီးဝင်းထဲက အရှိန်ပြင်းပြင်းဖြင့် အမြန်မောင်း ပြေးသွားတာ မြင်လိုက်ရသည်။ ကားပေါ်မှာ ကလေးတွေ ပျော်ရွှင်အော်ဟစ်ပြီး လိုက်ပါသွားတာ မြင် လိုက်ရသည်။ ကျွန်တော် ကားဖြင့်လိုက် လိုပါသော်လည်း ကားသော့မရှိလို့ မလိုက်နိုင်ဖြစ်နေသည်။ မောင်းပြေးသွားသည့် ကားနံပါတ်သည် အနီရောင် ဆိုတာ သိလိုက်သည်။ အင်္ဂလိပ်အက္ခရာစီအိတ်ခ်ျနှင့် ဂဏန်း ၂ တစ်လုံး သုညတစ်လုံးကိုသာ မြင်လိုက်သည်။ ယာဉ်မောင်းသူ၏ ပုံပန်းသဏ္ဌာန်ကိုပင် မမြင်လိုက်ဖြစ်သွားသည်။ ဒီအခြေအနေမှာ ကျွန်တော် အိပ်ရာက လန့်နိုးပါသည်။ အိပ်မက်လည်း ဒီမှာဆုံးပါသည်။ ကျွန်တော် ရင်ခုန်ပြီး မောနေတာကို သတိထားမိသည်။

ဒီလိုအိပ်မက်မျိုးကို မက်ရသလားဆိုပြီး မိမိကိုယ်မိမိ ဒေါသထွက်မိပါသည်။ ဒီအိပ်မက်သည် ကျွန်တော့် စရိုက်နှင့် လုံးဝမကိုက်သော အိပ်မက်ဖြစ်သည်။ ကျွန်တော်သည် မော်တော်ကားသော့ကို ဘယ်တော့မှ စားပွဲပေါ် တင်လေ့ မရှိပါ။ ကားပေါ်ကဆင်းရန် သော့ဖြုတ်လိုက်သည်နှင့် ကားသော့ကို လက်ကိုင်အိတ်ထဲကို သေသေချာချာ၊ မှတ်မှတ်ရရ ထည့်လိုက်သည်ချည်းဖြစ်သည်။ ကားသော့သည် လက်ကိုက်အိတ် ထဲက ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အမြဲသိနေလေ့ရှိသည်။

ကျွန်တော့်ကားကို ဘယ်နေရာမှာ ရပ်ထားခဲ့သည်ကို သေသေချာချာ မှတ်သည်။ ကားဆီကို ပြန်ရောက်လာလျှင် ကားဘာဖြစ်နေသလဲ၊ မှန်တံခါး၊ မီးလုံး၊ မီးခွက်ပြည့်စုံသလား စစ်ဆေးသည်။ အားလုံးပုံမှန်ပဲ ဆိုတော့မှ ရပ်ထားရာ မှ မောင်းထွက်လေ့ရှိသည်။

အိပ်မက်ထဲမှာလို ကျွန်တော့်ကားကိုတိုက်ပြီး ရပ်ထားတဲ့ကားကိုတော့ နံပါတ်မှတ်ရုံသာမက ဓာတ်ပုံပါ ရိုက်ယူ ထားလိုက်ဦးမည် ဖြစ်သည်။ ယာဉ်မောင်းသမားနှင့် စကားပြောရန် ထိုင်စောင့်နေမည်ဖြစ်သည်။ အခုတော့ အိပ်မက်ထဲမှာ ကြုံလိုက်ရတဲ့အဖြစ်တွေ၊ အခက်အခဲတွေက နိုးထနေသည့် ကျွန်တော်၏ ပကတိစရိုက်နှင့် လုံးဝ မကိုက်သည့် အခြေအနေ အဖြစ်အပျက်တွေ ဖြစ်နေသည်။ ကျွန်တော်ပြောပြတာကို နားထောင်ပြီးသောအခါ ဆရာဝန်က မှတ်ချက်ချသည်။

“အီးစီဂျီ ပြန်ရိုက်ကြည့်ပါ။ နှလုံးရောဂါ ဖြစ်နေပြီလို့ ယူဆရတယ်”

ကျွန်တော် စိုးရိမ်သွားသည်။ ကျွန်တော်၏ အမောဖောက်ရောဂါသည် နှလုံးရောဂါ၏ လက္ခဏာ ဖြစ်နိုင်သည်။ရောဂါကြောင့် အမောဖောက်လာသည့်အခါ ဝေဒနာနှင့် လိုက်လျောညီထွေဖြစ်မည့် ဇာတ်လမ်းကို အိပ်မက်က လုပ်ပေးတော့တာဖြစ်မည်ဟု တွေးမိပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...