Wednesday, November 20, 2013

ယာဉ်မရပ်ရ လမ်းမကြီးများတွင် ရပ်ထားသောယာဉ် ၁၃၇ စီးအား ရှစ်ရက်အတွင်း ဖယ်ရှား အရေးယူခဲ့

 Wednesday, 20 November 2013


နိုဝင်ဘာ ၁၅ ရက်က ဗဟန်းမြို့နယ်အတွင်း စည်းကမ်းမဲ့ ရပ်နားထားသည့် ယာဉ်တစ်စီးကို ကရိန်းယာဉ်ဖြင့် ဖယ်ရှားအရေးယူစဉ်

ရန်ကုန်တိုင်းဒေသကြီး ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော လမ်းမကြီးများတွင် ရပ်နားထားသော ယာဉ်အစီးရေ ၁၃၇ စီးကို ရှစ်ရက်အတွင်း ဖယ်ရှား အရေးယူခဲ့ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် သိရသည်။

အဆိုပါ ယာဉ်မရပ်ရသော လမ်းမကြီးများတွင် ရပ်နားထားသောယာဉ်များကို နိုဝင်ဘာ ၁၁ ရက်နေ့မှ ကရိန်းယာဉ်ဖြင့် ဖယ်ရှား အရေးယူမှုကို စတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အရေးယူရာ၌ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လေးစီးအား ဖယ်ရှားခဲ့ပြီး လေးစီးကို ချလန်ဖြတ် အရေးယူခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက်နေ့တွင် သုံးစီး ဖယ်ရှားခဲ့ပြီး ငါးစီးအား ချလန်ဖြတ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရှစ်စီး ဖယ်ရှားခဲ့ပြီး ၁၉ စီးအား ချလန်ဖြတ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် နှစ်စီးဖယ်ရှားခဲ့ပြီး ၁၈ စီးအား ချလန်ဖြတ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ၁၁ စီး ဖယ်ရှားခဲ့ပြီး ရှစ်စီးအား ချလန်ဖြတ်၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ၁၀ စီး ဖယ်ရှားခဲ့ပြီး ၁၁ စီး အား ချလန်ဖြတ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် လေးစီး ဖယ်ရှားခဲ့ပြီး ၁၀ စီးအား ချလန်ဖြတ် အရေးယူခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ရှစ်စီး ဖယ်ရှားခဲ့ပြီး ၁၂ စီးအား ချလန်ဖြတ်ကာ စုစုပေါင်း ယာဉ်အစီးရေ ၁၃၇ စီးအား အရေးယူခဲ့ကြောင်း သိရသည်။

"ဒီလို အရေးယူရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ လမ်းမပေါ်တွေမှာ စည်းကမ်းမဲ့ယာဉ်တွေ ရပ်နားနေမှုကြောင့် ယာဉ်တွေပိုပြီး ပိတ်ဆို့နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကရိန်းယာဉ်တွေနဲ့ ဖယ်ရှား အရေးယူတဲ့အခါမှာ စည်းကမ်းမဲ့ ရပ်ထားသည့် ယာဉ်တွေကို မိနစ် ၃၀ ခန့် စောင့်ကြည့်ပြီးမှသာ အရေးယူခြင်း ဖြစ်ပါတယ်။ ကရိန်းတွေနဲ့ ဖယ်ပြီး အရေးယူနေတဲ့အချိန်မှာ ယာဉ်ပိုင်ရှင် ရောက်လာရင်တော့ ကရိန်းယာဉ်တွေနဲ့ မဆွဲတော့ဘဲ စည်ပင်သာယာ ဥပဒေအရ ချလန်ဖြတ်ပြီး အရေးယူနေပါတယ်" ဟု ဒုတိယရဲမှူးကြီး လင်းထွဋ်က ဆက်လက် ပြောကြားခဲ့သည်။ ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသော ယာဉ်ပိုင်ရှင်များအနေဖြင့် ကရိန်းယာဉ်ဆွဲခ အနီးအဝေးအပေါ် မူတည်၍ အနည်းဆုံး ကျပ်ငါးသောင်းမှ အများဆုံး ခုနှစ်သောင်းအထိ ပေးဆောင်ရမည် ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှုအတွက် တရားရုံးတွင် ဒဏ်ငွေ(သို့)ထောင်ဒဏ်တို့မှ ပြစ်ဒဏ်တစ်ခုခု ချမှတ်ခံမည့်အပြင် ပြစ်ဒဏ်နှစ်ရပ်လုံးကိုလည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...