Wednesday, November 20, 2013

မိုင် ၁၂၀၀ အထိ သွားရောက်နိုင်သော မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ကို အီရန်ပြသ

Wednesday, 20 November 2013


အီရန်နိုင်ငံလုပ် Fotros မောင်းသူမဲ့ လေယာဉ်ကို နိုဝင်ဘာ ၁၈ ရက်က တီဟီရန်တွင် ပြသထားစဉ် (Photo:AFP)

ဒုံးကျည်တပ်ဆင်ထားပြီး အကွာအဝေး ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၀၀) အထိ သွားရောက်နိုင်သော မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်တစ်မျိုးအား အီရန်က နိုဝင်ဘာ ၁၈ ရက်တွင် ပြသခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ IRNA သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

Fotros မောင်းသူမဲ့ လေယာဉ်သည် အမြင့်ပေ ၂၅၀၀၀ ၀န်းကျင်၌ ပျံသန်းနိုင်ပြီး ၁၆ နာရီမှ နာရီ ၃၀ အထိ ပျံသန်းနိုင်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး မိုဟာမက် ဒီဂန်၏ ပြောကြားချက်ကို ကိုးကားပြီး IRNA က ဖော်ပြခဲ့သည်။ ယင်းမောင်းသူမဲ့ လေယာဉ်သစ်သည် ထောက်လှမ်းရေး လုပ်ငန်းစဉ်များ သို့မဟုတ် ဝေဟင်မှမြေပြင်သို့ တိုက်ခိုက်ရေး လုပ်ငန်းစဉ်များ ပြုလုပ်နိုင်ကြောင်း၊ ယင်းလေယာဉ်ကို စမ်းသပ်မှုမှာ အောင်မြင်ခဲ့ပြီး ပိတ်ဆို့အရေးယူမှု ခံခဲ့ရသော်လည်း အီရန်ကာကွယ်ရေး ကဏ္ဍတွင် အနှောင့်အယှက် မဖြစ်ဘဲ တိုးတက်နေခဲ့ကြောင်း ဒီဂန်က ပြောကြားခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း အီရန်သည် မောင်းသူမဲ့လေယာဉ် စီမံကိန်းများကို တိုးမြှင့်လုပ်ဆောင် ခဲ့သဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက စိုးရိမ်ခဲ့ကြသည်။

ပြီးခဲ့သော စက်တင်ဘာလတွင် အီရန်တော်လှန်ရေး အစောင့်တပ်က အကွာအဝေး ၁၇၀၀ ကီလိုမီတာ အထိနှင့် ၂၄ နာရီကြာ ပျံသန်းနိုင်သော ဒုံးကျည်ရှစ်ခု သယ်ဆောင်နိုင်သည့် Shahed 129 မောင်းသူမဲ့လေယာဉ်ကို အများအပြား ထုတ်လုပ်နေကြောင်း ကြေညာခဲ့သည်။ ထို့ပြင် အဆိုပါလတွင်ပင် မီတာ ၄၅၀၀ အမြင့်၌ ကီလိုမီတာ ၂၀၀ အထိ ရှစ်နာရီကြာ ပျံသန်းနိုင်သော Yasseer ထောက်လှမ်းရေး မောင်းသူမဲ့ လေယာဉ်တစ်မျိုးကိုလည်း ပြသခဲ့သည်။ Yasseer မောင်းသူမဲ့ လေယာဉ်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အီရန်က ဖမ်းဆီးမိခဲ့သည်ဟု ပြောကြားခဲ့သော အမေရိကန်၏ ScanEagle မောင်းသူမဲ့ လေယာဉ်ပုံစံကို အခြေပြုပြီး ပြန်လည်ထုတ်လုပ် ထားခြင်းဖြစ်သည်ဟု သိရသည်။ အီရန်သည် Rad-85 မောင်းသူမဲ့လေယာဉ် ထုတ်လုပ်မှုကိုလည်း မကြာသေးမီက အရှိန်မြှင့်ခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...