Wednesday, November 20, 2013

လက်ဘနွန်ရှိ အီရန်သံရုံး အပြင်ဘက်၌ ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားရာ လူ ၂၀ ကျော် သေဆုံး

Wednesday, November 20, 2013


ဘေရွတ်တောင်ပိုင်း ဘီရာဟက်ဆန်တွင် နိုဝင်ဘာ ၁၉ ရက်က ဗုံးပေါက်ကွဲခဲ့သည့် နေရာ၌ လက်ဘနွန် စစ်သားများနှင့် အရေးပေါ် ၀န်ထမ်းများ စုဝေးနေစဉ် (Photo:AFP)

လက်ဘနွန်မြို့တော် ဘေရွတ်ရှိ အီရန်သံရုံး အပြင်ဘက်၌ နိုဝင်ဘာ ၁၉ ရက်က ပြင်းထန်သည့် ပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာလူ ၂၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၄၆ ဦး ဒဏ်ရာရခဲ့သည်ဟု လက်ဘနွန် ကျန်းမာရေးဝန်ကြီး အလီဟာဆန်ခါလီက ပြောကြားခဲ့သည်။

ရှီအိုက်ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့ အင်အားကောင်းသော ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရှိ ကိုးထပ်အဆောက်အအုံ သံရုံးအပြင်ဘက်တွင် ပေါက်ကွဲမှုများကြောင့် အနီးရှိ အဆောက်အအုံများ ပျက်စီးခဲ့ပြီး ကားများမှာလည်း မီးလောင်ခဲ့ကြောင်း အစိုးရ သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ကနဦး သတင်းများအရ ဆိုင်ကယ်တစ်စီး ဦးစွာပေါက်ကွဲခဲ့ပြီး မကြာမီ မီတာ ၃၀ အကွာတွင် ကားတစ်စီး ထပ်မံပေါက်ကွဲခဲ့ကာ လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အီရန်သံရုံးသည် ပစ်မှတ်တစ်ခု "ဖြစ်နိုင်ဖွယ်" ရှိသည်ဟု အမည်မဖော်လိုသော လုံခြုံရေး အကြီးတန်း သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် ယခုတိုက်ခိုက်မှုသည် အသေခံ ဗုံးဖောက်ခွဲခြင်း သို့မဟုတ် အဝေးမှ ဖောက်ခွဲခြင်း ဟုတ်၊ မဟုတ် အတည်မပြု နိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ချိန်တွင် သံရုံးထဲ ၀င်လာနေသည့် အီရန်ယဉ်ကျေးမှုဆိုင်ရာ အကြံပေး အီဘရာဟင် အန်ဆာရီသည် ဒဏ်ရာရရှိခဲ့ပြီး ဘေရွတ်ရှိ ဆေးရုံသို့ တင်ပို့ကုသ ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း လက်ဘနွန် အစိုးရ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့သည်။ လူ ၂၂ ဦး သေဆုံးခဲ့ပြီး လူ ၁၄၆ ဦး ဒဏ်ရာရခဲ့သော်လည်း ထပ်မံမြင့်တက် လာနိုင်ကြောင်း အလီဟာဆန်ခါလီက ပြောကြားခဲ့သည်။ ယခု ပေါက်ကွဲမှုများအတွင်း အီရန်သံရုံး အတွင်းရှိ ၀န်ထမ်းအားလုံး ထိခိုက်ဒဏ်ရာ မရဘဲ လွတ်မြောက်ခဲ့သည်ဟု သံအမတ် ဂါဇန်ဖာရော့အဘာဒီက ပြောကြားခဲ့သည်။

ဆီးရီးယားသမ္မတ ဘာရှားအယ် အာဆတ်ဘက်မှ ကူညီတိုက်ခိုက်ရန် တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာ စေလွှတ်ခဲ့သော ဟစ်ဇ်ဘိုလာအဖွဲ့ ခြေကုပ်ယူသည့် ဘေရွတ်တောင်ပိုင်းတွင် ယင်းတိုက်ခိုက်မှု မတိုင်မီ ယခုနှစ် ဇူလိုင် ၉ ရက်နှင့် သြဂုတ် ၁၅ ရက်တို့တွင်လည်း ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...