Wednesday, November 20, 2013

ပြည်တွင်း၌ မတ်ပဲလက်ကျန် တန်ချိန်တစ်သိန်းကျော်သာ ကျန်ရှိပြီး အိန္ဒိယဘက်မှ အ၀ယ်လိုက်လာမှုကြောင့် မတ်ပဲဈေး တစ်တန် ကျပ်သုံးသောင်းကျော် ခုန်တက်

Wednesday, 20 November 2013


ဈေးကွက်အတွင်းတွေ့ရှိရသော ပဲမျိုးစုံ

ပြည်တွင်းဈေးကွက်အတွင်း မတ်ပဲ လက်ကျန်အနေဖြင့် တန်ချိန် တစ်သိန်းကျော်သာ ကျန်ရှိတော့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။

ပြည်တွင်းဈေးကွက်၌ ပဲလက်ကျန်နည်း နေချိန်တွင် အိန္ဒိယဘက်မှ အ၀ယ်လိုက်လာမှုနှင့်အတူ ပြည်တွင်းဈေးကွက်အတွင်း ဈေးကစားမှုများကြောင့် မတ်ပဲဈေးတစ်တန်လျှင် ကျပ်သုံးသောင်းကျော် ခုန်တက်သွားကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပဲလုပ်ငန်းရှင်များထံမှ သိရသည်။

"အိန္ဒိယမှာ ဒီနှစ်က မတ်ပဲနဲ့ ပဲတီစိမ်းထွက်နှုန်းက အစိုက်နည်းတာတစ်ချက်၊ ရာသီဥတု ဖောက်ပြန်တာက တစ်ချက်၊ အထွက်လျော့တာက တစ်ချက်ပေါ့။ ပဲက အိန္ဒိယဘက်မှာ ကျွန်တော်ထင်တယ် ပုံမှန်ဆိုရင် တစ်နှစ်ကို တန်ချိန် ၁၈ သိန်းနဲ့ သိန်း ၂၀ လောက်ထွက်တယ်။ ဒီနှစ်မှာ အထွက်နှုန်းက ရာခိုင်နှုန်း ၅၀ လောက် လျော့တယ်ပြောတယ်။ ရာခိုင်နှုန်း ၅၀ သာလျော့ရင် တန်ချိန် ကိုးသိန်း၊ ၁၀ သိန်းလောက် လျော့တာပေါ့နော်။ မြန်မာပြည်မှာ လက်ရှိက ပြည် တွင်းမှာ မတ်ပဲက တန်ချိန် တစ်သိန်းကျော်ကျော်ပဲ ကျန်တော့တယ်။ တကယ်တမ်းမှာ မြန်မာပြည်က ၂၀၁၄ မှာ ထွက်မယ့်ပဲကို ထည့်ပေါင်းရင်တောင် သူတို့လိုအပ်ချက်ကို ပြည့်မီမှာ မဟုတ်သေးဘူး"ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောကြားသည်။

နိုဝင်ဘာ ၁၁ ရက်က မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၅၉၈၅၀၀၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၂၅၀၀၀ ရှိနေခဲ့ရာမှ နိုဝင်ဘာ ၁၈ ရက်တွင် မတ်ပဲ (FAQ) တစ်တန်လျှင် ကျပ် ၆၃၀၀၀၀ ၊ မတ်ပဲ (SQ) တစ်တန်လျှင် ကျပ် ၆၅၅၀၀၀ အထိ မြင့်တက်လာခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

"အိန္ဒိယဘက်က အ၀ယ်များတယ်ဆိုပေမယ့် ပုံမှန်အ၀ယ် ရှိနေတာပါ။ ခုရက်ပိုင်းမှာ ပဲဈေး ခုန်တက်သွားတယ်ဆိုတာက ဈေးကစားတာတွေကြောင့်ပါ။ အိန္ဒိယဘက်ကတော့ သူတို့ဘက်မှာ အရောင်းအ၀ယ်အေးပေမယ့် မြန်မာပြည် ဈေးကွက်ကိုတော့ ဈေးမကျစေချင်ဘူး ဖြစ်နေတယ်။ ပြည်တွင်းဈေးကွက်ကလည်း စီးပွားရေးအရ မဟုတ်ဘဲ လောင်းကစားသဘောမျိုး ဖြစ်နေတယ်"ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ ပဲလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...