Wednesday, November 20, 2013

လက်လီအရောင်းဆိုင် တစ်သိန်းပါဝင်သည့် ဖြန့်ချိရေးကွန်ရက် တည်ဆောက်ရန် ကိုယ်စားလှယ်များကို Telenor စတင်ခေါ်ယူ

Wednesday, 20 November 2013



Telenor ကုမ္ပဏီမှ တာဝန်ရှိသူများက မီဒီယာများအား ရှင်းလင်းနေစဉ်

ဆက်သွယ်ရေးလိုင်စင် ရရှိရန် အစိုးရနှင့် ညှိနှိုင်းနေပြီးဖြစ်သည့် Telenor ကုမ္ပဏီက လုပ်ငန်းစတင် လည်ပတ်နိုင်သည့် အချိန်မှ ငါးနှစ်အတွင်း လက်လီအရောင်းဆိုင်ပေါင်း တစ်သိန်းပါဝင်သော ဖြန့်ချိရေး ကွန်ရက်အား တည်ဆောက်ရန် ဖြန်ချိရေး ကိုယ်စားလှယ်များနှင့် မိတ်ဖက်လက်လီ အရောင်းဆိုင်များကို စတင်ဖိတ်ခေါ် လိုက်သည်။

Telenor ကုမ္ပဏီ၏ ဖြန့်ချိရေးနှင့် မိတ်ဖက်လက်လီ အရောင်းဆိုင်အဖြစ် လုပ်ကိုင်လိုသော ပြည်တွင်းလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ Traders ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ အနေနဲ့ ဖြန့်ချိရေး ကိုယ်စားလှယ်တွေကို ခေါ်ယူတဲ့ နေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေကိုပဲ ဦးစားပေး ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ဖြန့်ချိရေး ကိုယ်စားလှယ်၊ လက်လီအရောင်းဆိုင်လုပ်ဖို့ စိတ်ဝင်စားတဲ့ သူတွေအနေနဲ့ လျှောက်လွှာကို Telenor ၀က်ဘ်ဆိုက်မှာ တင်ပေးထားမယ်။ အီးမေးလ်ကတစ်ဆင့်လည်း ဆက်သွယ်နိုင်ပါတယ်။ တစ်ပတ်အတွင်း သတင်းစာထဲမှာ ကြော်ငြာထည့်သွားမှာ ဖြစ်ပါတယ်" ဟု Telenor မှ Chief Marketing Officer မစ္စတာ Sharad Mehotra က ပြောကြားသည်။

ဖြန့်ချိရေး ကိုယ်စားလှယ်များနှင့် မိတ်ဖက်လက်လီ ကိုယ်စားလှယ် အရောင်းဆိုင်များကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် Telenor ၀န်ထမ်းများကဲ့သို့ သင်တန်းများ ပို့ချသွားမည်ဖြစ်ပြီး ဖုန်းပြောနိုင်သည့် နေရာတိုင်းတွင် Telenor ဆင်းကတ်များနှင့် ငွေဖြည့်ကတ်များ ၀ယ်ယူနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

Telenor ၏ မိတ်ဖက်လုပ်ငန်း အစီအစဉ်သည် ဆင်းကတ်၊ ငွေဖြည့်ကတ်နှင့် အခြားဝန်ဆောင်မှုများ၊ မိုဘိုင်းဆက်သွယ်ရေးပစ္စည်း ၀န်ဆောင်မှုများအတွက် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။

Telenor ကုမ္ပဏီ အနေဖြင့် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးမှုများအရ ယခုနှစ် မကုန်မီတွင် ဆက်သွယ်ရေး လုပ်ကိုင်ခွင့် လိုင်စင်ရရှိရန် မျှော်လင့်ထားပြီး လက်ရှိတွင် အိုင်တီပိုင်းနှင့် Network ပိုင်းများကို ပြင်ဆင်နေကြောင်း သိရသည်။ လိုင်စင်ရပြီး ရှစ်လအတွင်း လုပ်ငန်းများကို စတင်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

Telenor ကုမ္ပဏီသည် နော်ဝေနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ တစ်ခုဖြစ်ပြီး နော်ဝေအစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားသည်။ ၎င်းတို့၏ ဈေးကွက်များတွင် နံပါတ်တစ် သို့မဟုတ် နှစ်နေရာတွင် ရပ်တည်နိုင်သည့် ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...