Wednesday, November 20, 2013

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အဓိကကျသော လွှတ်တော်ရွေးကောက်ပွဲများ နီပေါကျင်းပ

Wednesday, 20 November 2013


မြို့တော် ခတ္တမန္ဒူတွင် နိုဝင်ဘာ ၁၉ ရက်က မဲရုံတစ်ရုံ၌ မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo:AFP)

ဆယ်စုနှစ် တစ်ခုကြာ ပြည်တွင်းစစ် အဆုံးသတ်ပြီးနောက် နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်အောင် ဆောင်ရွက်ရာတွင် အဓိကကျမည့် နီပေါလွှတ်တော် ရွေးကောက်ပွဲများကို နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်သူပုန်များက အစပြုခဲ့သည့် နီပေါပြည်တွင်းစစ် ၂၀၀၆ ခုနှစ်တွင် အဆုံးသတ်ပြီးနောက် အဆိုပါ ရွေးကောက်ပွဲသည် ဒုတိယမြောက် ရွေးကောက်ပွဲဖြစ်သည်။ ယင်းပြည်တွင်းစစ်က နီပေါတွင် ဘုရင်စနစ် ချုပ်ငြိမ်းစေခဲ့ကာ ဘာသာအယူဝါဒ လွှမ်းမိုးမှု မရှိသည့် သမ္မတနိုင်ငံ တစ်နိုင်ငံအဖြစ် ပြောင်းလဲစေခဲ့သည်။

နီပေါတွင် ပထမအကြိမ် လွှတ်တော်ရွေးကောက်ပွဲကို ၂၀၀၈ ခုနှစ်တွင် ပြုလုပ်ခဲ့ပြီး မော်ဝါဒီတို့ အနိုင်ရရှိ ခဲ့သည်။ ညွန့်ပေါင်းအစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပြီးမြောက်အောင်မြင်ရန် ပျက်ကွက်နေခဲ့ရာ ယင်းပထမဆုံး နီပေါလွှတ်တော်သည် ၂၀၁၂ ခုနှစ်မေတွင် ပျက်သုဉ်းခဲ့သည်။

ယင်းနောက် ညွန့်ပေါင်းအစိုးရ အဖွဲ့မှ ခွဲထွက်ခဲ့သည့် သူပုန်ခေါင်းဆောင်ဟောင်း ပရာချန်ဒါ (ခ) ပွတ်ရှ်ပါကာမယ်ဒါဟယ် ဦးဆောင်သော နီပေါကွန်မြူနစ်ပါတီ-မော် (CPN-M) ပါတီက နိုဝင်ဘာ ၁၉ ရက် ဒုတိယအကြိမ် လွှတ်တော်ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။

CPN-M ပါတီမှ ဆန္ဒပြသူများက ကားများကို မီးရှို့ခြင်းနှင့် ယာဉ်လမ်းကြောများတွင် ဖောက်ခွဲရေး ပစ္စည်းများကို ပစ်ပေါက်ခြင်းများ ပြုလုပ်ကာ ရွေးကောက်ပွဲကို ကဖျက်ယဖျက်လုပ်ရန် ပြီးခဲ့သည့် ရက်များအတွင်း အရှိန်မြှင့် ကြိုးပမ်းခဲ့သည်။ ယင်းအကြမ်းဖက် ဆန္ဒပြမှုများကြောင့် လူတစ်ဦး သေဆုံးပြီး လူတစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့သည်။ ယင်းနှင့်ပတ်သက်၍ လူ ၃၁၀ ကျော်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းနောက် နိုင်ငံတစ်ဝန်း လုံခြုံရေး တင်းကျပ်ခဲ့သည့် အကြားရွေးကောက်ပွဲ စတင်ကျင်းပသည့် နိုဝင်ဘာ ၁၉ ရက် နံနက်အစောပိုင်းတွင်လည်း မြို့တော် ခတ္တမန္ဒူ၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူသုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မဲရုံများ၌ လုံခြုံရေးအတွက် စစ်သား ၅၀၀၀၀ နှင့် ရဲတပ်ဖွဲ့ဝင် ၁၄၀,၀၀၀ ဖြန့်ကြက်ချထားကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...