Wednesday, December 18, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံသား လုပ်ငန်းရှင်များမှ ဆောက်လုပ်ရေး၊ စွမ်းအင်၊ အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေး အပါအ၀င် အခြားကဏ္ဍများတွင် ကျပ်ဘီလျံ ၈၄၀ ကျော် ထပ်မံမြှုပ်နှံ



Wednesday, 18 December 2013




နိုင်ငံသား လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြုရန် တင်ဒါခေါ်ယူခဲ့သည့် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနပိုင် အဆောက်အအုံတစ်ခု

ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံသား လုပ်ငန်းရှင်များမှ ကျပ်ဘီလျံ ၈၄၀ ကျော် ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၃၆၁၄ ဘီလျံကျော်အထိ ရှိလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသားများ အနေဖြင့် ၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းကဏ္ဍ ၁၁ ခုတွင် မြှုပ်နှံမှုပမာဏ စုစုပေါင်းမှာ ကျပ် ၂၇၇၄ ဒသမ ၆၂၃ ဘီလျံကျော် ရှိရာမှ နိုဝင်ဘာ ၃၀ ရက်တွင် ကျပ် ၃၆၁၄ ဒသမ ၈၉၉ ဘီလျံကျော်အထိ တိုးတက်လာခြင်းဖြစ်သည်။

လုပ်ငန်းအားဖြင့် ဆိုပါက လုပ်ငန်း ၃၉ ခု ထပ်မံဝင်ရောက် လုပ်ကိုင်မှုများ ရှိခဲ့ပြီး ကဏ္ဍအားဖြင့် ကဏ္ဍရှစ်ခုတွင် အဓိက ၀င်ရောက်မြှုပ်နှံ လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။

ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကုန်ထုတ်လုပ်မှု၊ အိမ်ခြံမြေ၊ သယ်ယူပို့ဆောင်ရေး အပါအ၀င် အခြားကဏ္ဍများတွင် ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ဆက်တိုက်ဝင်ရောက် မြှုပ်နှံနေကြခြင်းဖြစ်သည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကျပ် ၈၉၆ ဘီလျံကျော်၊ ဆောက်လုပ်ရေး ကဏ္ဍတွင် ကျပ် ၇၃၃ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၂၉၀ ဘီလျံကျော်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၃၀၆ ဘီလျံကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၂၂ ဘီလျံကျော်ဖြင့် အသီးသီး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားပြီး ယခုဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု လုံးဝပြုလုပ်ထားခြင်း မရှိသည့် ကဏ္ဍများမှာ စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍနှင့် စက်မှုဇုန်လုပ်ငန်း ကဏ္ဍများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှလည်း ၂၀၁၃ ခုနှစ်အတွင်း၌ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လုပ်ကိုင်မည့် လုပ်ငန်းများကို နိုင်ငံသား လုပ်ငန်းရှင်များအား ချထားပေးရာတွင် ကုန်ထုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု လုပ်ငန်းများကို ခွင့်ပြုမိန့် ချထားပေးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း၌ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်များ ပြုခဲ့ပြီး နိုင်ငံသားများနှင့် နိုင်ငံခြားသား လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း၍ လုပ်ကိုင်မည့် လုပ်ငန်းများရှိကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...