Wednesday, December 18, 2013

မန်စီမြို့နယ်၌ ကေအိုင်အေလက်နက်ကိုင် အဖွဲ့က ဒီဇင်ဘာ ပထမလ၀က်အတွင်း လူ ၅၁ ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်လွတ်လာခြင်း မရှိသေး

Wednesday, 18 December 2013



ကချင်ပြည်နယ် စည်းခမ်းကြီးကျေးရွာ ဘုန်းကြီးကျောင်းဝန်းတွင် စာသင်နေသော ကောင်လွင်ရွာမှ မူလတန်း ကလေးငယ်များ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်မှစပြီး ဒီဇင်ဘာ ၁၃ ရက်အထိ ကေအိုင်အေလက်နက်ကိုင် အဖွဲ့အစည်းမှ လူ ၅၁ ဦး ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြန်လွတ်လာခြင်း မရှိသေးကြောင်း ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဌာနနှင့် ဒေသခံကျေးရွာများက The Daily Eleven သို့ ယနေ့ဆက်သွယ် ပြောကြားသည်။

ယင်းကဲ့သို့ ကေအိုင်အေလက်နက်ကိုင် အဖွဲ့မှ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်မှုများကို ဒီဇင်ဘာ ၄ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၁၃ ရက်များတွင် မန်စီမြို့နယ် အတွင်းရှိ မန်ဖွ၊ ပါတော်၊ ကျော်ခေါင်၊ ဟန်ထက်ကျေးရွာ အနီးရှိ ခပရာကျေးရွာ ၀န်းကျင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်အထိ လူ ၅၁ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားရာတွင် အသက် ၁၈ နှစ်အောက် လူငယ် ၁၃ ဦး၊ ၅၅ နှစ်အရွယ် လူကြီးတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးအရာရှိ တစ်ဦးက "မန်ဖွမှာ စဖမ်းကတည်းက ယနေ့အထိ ရသလောက် ကောက်ယူထားတဲ့ စာရင်းအရ (၅၁)ဦးရှိပြီ တစ်ယောက်မှ ပြန်လွတ်လာတာ မရှိသေးဘူး။ အခြားနေရာတွေမှာလည်း ဖမ်းတာတွေ ရှိပေမဲ့ စာရင်းကောက်လို့ မရနိုင်ဘူး ဖြစ်နေတယ်။ (၅၁)ဦးမှာ ကချင်လူမျိုးက လေးဦးပါပြီး ကျန်တဲ့ (၄၇)ဦးက ရှမ်းတွေလို့ စာရင်းရပါတယ်။ မန်ဝိန်းလေး၊ ဟန်ထက်နားမှာ ဒီဇင်ဘာ ၁၃ ရက်မှာ နောက်ဆုံးဖြစ်ခဲ့တာပါ။ ကျေးရွာတွေ အများစုက ဆက်ကြေးပေးရတယ်ဆိုတာ သတင်းပဲရတယ်။ ဒေသခံတွေက ကြောက်လွန်းတော့ အမှန်ကို မပြောရဲကြဘူး" ဟု ယနေ့ညနေပိုင်းက ဆက်သွယ်ပြောကြားသည်။

အစိုးရဌာနသို့ ရောက်ရှိနေသာ စာရင်းများ၏ ဖော်ပြချက်အရ မန်စီမြို့နယ် ကုန်းတိန်ကျေးရွာမှ (၁၇)သိန်း၊ မန်ဝိန်းလေးကျေးရွာမှ (၁၀)သိန်း၊ ဟန်ထက်ကျေးရွာမှ (၂၅)သိန်း၊ ဂွေ့ကြီးကျေးရွာမှ (၁၅)သိန်း၊ မန်မကောက်ကျေးရွာမှ (၁၅)သိန်း၊ သစ်ဆုံးကျေးရွာမှ (၇)သိန်း ကေအိုင်အေ လက်နက်ကိုင်အဖွဲ့သို့ ပေးသွင်းရန် အကြောင်းကြားထားပြီး နောက်ဆုံးပေးရမည့်ရက် သတ်မှတ်ခြင်းနှင့် ပေးသွင်းခြင်းများကို မပြုလုပ်ရသေးကြောင်း ပြည်နယ်အစိုးရရုံးမှ သိရသည်။

ကချင်ပြည်နယ် အစိုးရ အရာရှိတစ်ဦးက "လူဆွဲတာက မန်စီတစ်ဝိုက်မှာတင် မဟုတ်ပါဘူး။ ဒီလထဲမှာပဲ ၀ိုင်းမော်နောင်စီပေါမှာ လေးဦးဆွဲတယ်။ တနိုင်းပယင်း မှော်မှာဆွဲတယ်။ အဲဒီပယင်းမှော်ကတော့ ကေအိုင်အေ နယ်မြေဖြစ်လို့ သတင်းမပြည့်စုံဘူး" ဟု ပြောကြားသည်။ ပယင်းမှော်မှ ရောင်းဝယ်သူ တစ်ဦးက "ပယင်းမှော်မှာတော့ ကချင်နှင့် ရ၀မ်ဆွဲတာပါ။ ရှမ်း၊ ဗမာ၊ ရခိုင်၊ လီဆူမပါဘူး။ သွားလိုက်လာလိုက်ဆိုတော့ ကြားနေရတယ်။ မိုးကုတ်က လီဆူတွေကတော့ ကားစင်းလုံးပြတ်ငှားပြီး မိုးကုတ်ဘက်ကို ပြေးကြတာတွေ့တယ်" ဟု ယနေ့ညနေပိုင်းတွင် ဖြေကြားသည်။

ယင်းကဲ့သို့ အခြေအနေများကို ကေအိုင်အိုဗဟိုသို့ အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့မှ ပြောဆိုခွင့်ရှိသူ ဦးဒေါင်ခါးက "ဒီကိစ္စကို ကေအိုင်အိုဗဟိုကို အကြိမ်ကြိမ် မေးမြန်းပေမယ့် မဟုတ်ဘူးလို့ အကြောင်းပြန်တယ်။ ကေအိုင်အေ တပ်မဟာ (၃)ကို မေးတာလည်း မဟုတ်ဘူးလို့ဘဲ အကြောင်းပြန်နေတယ်။ ရှမ်းရေးရာ အဖွဲ့ရဲ့ စာကတော့ ရုံးကိုရောက်လာပါတယ်။ ကြားထဲကနေ ဘာဖြေရမှန်း မမှန်းတတ်အောင် ဖြစ်နေတယ်" ဟု ယနေ့ညနေပိုင်းက ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုများရေးရာ အဖွဲ့မှ ဦးစိုင်းထင်လင်းက "အခုလောလောဆယ်တော့ ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ နည်းပညာ အကြံပေးအဖွဲ့ကနေ ကေအိုင်အေကိုလည်း စာပို့ထားပါပြီ။ ဖမ်းခေါ်သွားတာက တစ်ဦးတည်းသောသားတွေ ပါတယ်။ ကလေးတစ်ယောက်နဲ့ မိသားစုရှိတဲ့လူတွေ ပါတယ်။ ကချင်ပြည်နယ် အစိုးရကတော့ ဘာမှမလုပ်ပေးနိုင်လို့ ဘာစာရင်းမှ မပို့ဘူး။ ဆန္ဒဖော်ထုတ်ပြီး တောင်းဆိုသွားဖို့ သေချာပါတယ်။ ရက်ကတော့ မသတ်မှတ်ရသေးဘူး။ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို မကာကွယ်နိုင်တဲ့ နိုင်ငံတော် အစိုးရကိုလည်း ပြောချင်တယ်။ တစ်ဖက်က ရက်စက်တဲ့ ကေအိုင်အေကိုလည်း ပြောချင်ပါတယ်" ဟု ပြောကြားသည်။

မန်စီမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကြိုင်က ယင်းလူဆွဲခေါ်ဆောင်မှုများ၊ ဆက်ကြေးကောက်နေသည်ကို သတင်းကြားထားပြီး အချက်အလက် ပြည့်စုံအောင် မသိရသောကြောင့် ဒီဇင်ဘာ ၁၆ ရက်မှ စတင်နေသော ကချင်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းရန် မရှိကြောင်း၊ သီးခြားသာ တင်ပြသွားရန်ရှိကြောင်း The Daily Eleven ၏ မေးမြန်းချက်ကို ဖြေကြားသည်။

ဗန်းမော်ခရိုင် အတွင်းရှိ မြို့နှင့်ဝေးကွာသော ကျေးရွာအများစုမှာ ၂၀၁၁ ခုနှစ် တိုက်ပွဲများ စတင်ဖြစ်ပေါ်လာပြီးနောက်ပိုင်း လူငယ်အများစုမှာ ဗန်းမော်မြို့ပေါ်ရှိ ဆွေမျိုး များ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြောင်း ဗန်းမော်ဒေသခံများက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...