Wednesday, December 18, 2013

NSA သည် ဖုန်းအချက်အလက်များကို တရားမ၀င် စုဆောင်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု အမေရိကန် တရားသူကြီး ပြောကြား

Wednesday, 18 December 2013



Photo:AP

အမေရိကန် တရားသူကြီး တစ်ဦးက အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) သည် ဖုန်းအချက်အလက် များစွာတို့ကို တရားမ၀င် စုဆောင်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ NSA သည် ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မညီဘဲ အရပ်သားတို့၏ ပုဂ္ဂလိက လုံခြုံမှုအခွင့်အရေးကို ချိုးဖောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ၎င်းကပြောကြားခဲ့ရာ NSA အတွက် ပထမဆုံး ထိုးနှက်ခံရမှု ဖြစ်လာခဲ့သည်။

ဝါရှင်တန်မှ ဖက်ဒရယ် တရားသူကြီး၏ အဆိုပါ ဆုံးဖြတ်ချက်ကို အတည်မပြုနိုင်သေးဘဲ အယူခံကို စောင့်ဆိုင်းနေရဆဲ ဖြစ်သော်လည်း ယင်းအချိန်အတွင်း NSA အနေဖြင့် လူသန်းပေါင်းများစွာတို့၏ ဖုန်းခေါ်ဆိုမှုများကို တရားမ၀င် စုဆောင်းခြင်း မပြုနိုင်အောင် တားမြစ်ထားသည့်သဘော ဆောင်နေသည်။

တရားသူကြီး၏ ယခုဆုံးဖြတ်ချက်သည် နောက်ဆုံးဆုံးဖြတ်ချက် မဟုတ်သေးသော်လည်း NSA ၏ တစ်ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ရေး ကွန်ရက်ကို ဥပဒေအရ စိန်ခေါ်မှုများ တသီတတန်းကြီး ပေါ်ထွက်လာစေမည့် အစပြုမှု တစ်ရပ်အတွက် အစိုးရအနေဖြင့် ခိုင်ခိုင်မာမာ ပြင်ဆင်ထားရန် တပ်လှန့်လိုက်ခြင်း ဖြစ်သည်။

ယခု ဆုံးဖြတ်ချက်သည် NSA ၏ ဖုန်းနှင့်အင်တာနက် သူလျှိုလုပ်မှုများကို ဖော်ထုတ်ခဲ့သူ အက်ဒ၀ပ်စနိုးဒင် အပေါ်၌လည်း သက်ရောက်မှု ရှိမည်ဖြစ်ရာ စနိုးဒင်သည် နိုင်ငံအပေါ် လုံခြုံရေးဆိုင်ရာ အန္တရာယ်ကျရောက်စေသည့် သစ္စာဖောက်တစ်ဦး မဟုတ်တော့ဘဲ တရားဝင် နည်းလမ်းအရ လက်လှမ်းမမီနိုင်သည်များကို ဖွင့်ချခဲ့သူတစ်ဦးအဖြစ် အဓိပ္ပာယ် သက်ရောက်လာမည်ဖြစ်သည်။

အမေရိကန်ခရိုင်ရုံး တရားသူကြီး ရစ်ချက်လီယွန်က "နိုင်ငံသား တစ်ဦးချင်းစီနှင့် ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို စနစ်တကျ နည်းပညာ အဆင့်မြင့်မြင့်နဲ့ စုဆောင်းရယူမှုထက်ပိုတဲ့ တစ်ဖက်သတ် ကျူးကျော်စော်ကားတာနဲ့ တရားမျှတမှု မရှိတာမျိုး ကျွန်တော်စဉ်းစားလို့တောင် မရပါဘူး" ဟု ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုကို ထူထောင်သူ တစ်ဦးဖြစ်ပြီး အမေရိကန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ဂျိမ်းမက်ဒီဆင် အနေဖြင့် အစိုးရ၏ အရပ်သား အခွင့်အရေးများ ချိုးဖောက်မှုကို သိရှိပါက အကြီးအကျယ် အံ့အားသင့်လိမ့်မည်ဖြစ်ကြောင်း လီယွန်က အခိုင်အမာ ပြောကြားခဲ့သည်။

အကြမ်းဖက်မှု အစီအစဉ်များကို ဖော်ထုတ်ရန် လိုအပ်ချက်အတွက် ယင်းကဲ့သို့ အချက်အလက်များ စုဆောင်းခဲ့ရပါသည်ဟူသော အမေရိကန်အစိုးရ၏ အခိုင်အမာ ပြောကြားချက် အပေါ်၌လည်း လီယွန်က ဝေဖန်ပြောကြားခဲ့သည်။ သူက "NSA ရဲ့ အလွန်များပြားလှတဲ့ အချက်အလက် စုဆောင်းမှုတွေကို သုံးသပ်ခြင်းကနေ လုပ်ဆောင်လုဆဲဆဲ ဖြစ်နေတဲ့ တိုက်ခိုက်မှုတစ်ရပ်ကို အမှန်တကယ် တားဆီးနိုင်ခဲ့ပါတယ် ဆိုတာမျိုး၊ ဒါမှမဟုတ် သဘောသဘာဝအရ အချိန်နောက်ကျလို့ မရတဲ့ ရည်မှန်းချက် တစ်ရပ်ကို ရယူနိုင်ဖို့ အစိုးရကို အထောက်အကူ ပြုခဲ့တယ် ဆိုတာမျိုးကို အစိုးရအနေနဲ့ ဥပမာလေး တစ်ခုတောင်မှ အတိအကျ မပြနိုင်ပါဘူး" ဟုလည်း ရေးသားဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အေအက်ဖ်ပီ သတင်းဌာနက NSA သို့ ဆက်သွယ်မေးမြန်းရာတွင် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး အမေရိကန် တရားရေး ဌာနကမူ တရားသူကြီး ဆုံးဖြတ်ချက်အား စစ်ဆေးနေဆဲသာဖြစ်ကြောင်း ဖြေကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...