Wednesday, December 18, 2013

နိုင်ငံခြားဘဏ်များနှင့် မြန်မာဘဏ်များ ဖက်စပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံဘဏ်များ အသင်းဝင်ဘဏ်များ သဘောတူညီ ထားသော်လည်း နိုင်ငံခြားဘဏ်များ သီးသန့်လုပ်ခွင့်ကိုမူ အချိန်တစ်ခုအထိ စောင့်ဆိုင်းရန် လိုအပ်နေ

Wednesday, 18 December 2013



ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ်ခု၏ ဘဏ်လုပ်ငန်း လုပ်ဆောင်မှုဆိုင်ရာ မြင်ကွင်းများကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

မြန်မာနိုင်ငံရှိ နိုင်ငံခြားဘဏ်များနှင့် မြန်မာဘဏ်များ ဖက်စပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံဘဏ်များ အသင်းဝင်ဘဏ်များ သဘောတူညီမှု ရရှိထားသော်လည်း နိုင်ငံခြားဘဏ်များ သီးသန့်လုပ်ကိုင်ခွင့်ပြုမည် ဆိုပါက အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ဆိုင်းရန် လိုအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။

"၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေး အသိုက်အ၀န်းလည်း ရှိနေတော့ အကြာကြီး ပိတ်ထားလို့လည်း မရပါဘူး။ ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေက အကျိုးတူ လုပ်ကိုင်ခွင့်ပြုဖို့ကို သဘောတူကြတယ်။ ဒါပေမဲ့ နိုင်ငံခြားဘဏ်တွေကို သီးသန့်လုပ်ကိုင်ခွင့် ပြုဖို့ဆိုတာ အချိန်အတိုင်းအတာ တစ်ခုအထိတော့ စောင့်ဖို့လိုမယ်" ဟု ဒေါက်တာစိန်မောင်က ပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ကိုင်နိုင်ခဲ့သော်လည်း နိုင်ငံခြားဘဏ်များ သီးသန့်လုပ်ပိုင်ခွင့်နှင့် ဖက်စပ်လုပ်ကိုင်ခွင့်ကိုမူ တားမြစ်ထားဆဲဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့် ရရှိထားသည့် ဘဏ်များအနေဖြင့် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ကို အကန့်အသတ်ဖြင့် ခွင့်ပြုပေးမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုခဲ့ကြောင်း နိုဝင်ဘာလကုန်ပိုင်းက ရိုက်တာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ် အများစုမှာ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားပြီး ပြည်ပဘဏ် အများစုမှာ နိုင်ငံခြား ဘဏ်လုပ်ငန်းများ လုပ်ကိုင်ခွင့် မရှိသဖြင့် ဈေးကွက်အား လက်ဝါးကြီးအုပ်ထားသည့် အနေအထား ဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လက်ဝါးကြီးအုပ်မှုများ ပပျောက်ရန် နိုင်ငံခြားဘဏ် အချို့အား ဘဏ်လုပ်ငန်းများ ဖွင့်လှစ်ခွင့် ပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြည်တွင်းဈေးကွက်အတွင်း ပုဂ္ဂလိက ဘဏ်များမှ နိုင်ငံခြားလွှဲပို့သည့် အမေရိကန်ဒေါ်လာအပေါ် အပိုဆောင်းငွေ ကောက်ခံစဉ်က သုံးသပ်ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေအားလုံးပေါင်းရဲ့ ငွေပမာဏက နိုင်ငံခြားဘဏ်တွေရဲ့ ဘဏ်ခွဲတစ်ခုစာငွေတောင် မရှိဘူး။ ကိုယ့်တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လိုသလို ဘဏ်လုပ်ငန်း အတွေ့အကြုံ နုနယ်သေးတဲ့ မြန်မာဘဏ်လုပ်ငန်းရှင်တွေရဲ့ အကျိုးကိုလည်း ကြည့်ဖို့လိုပါမယ်။ ဒီလိုမျိုး မကြည့်ရင် မြန်မာနိုင်ငံမှာက အင်ဒိုနီးရှားလို တိုင်းပြည်ရဲ့ စီးပွားရေးကို နိုင်ငံခြားသားတွေက ရာခိုင်နှုန်း ၆၀ လောက် ချုပ်ကိုင်သွားတာမျိုး၊ ထိုင်းနိုင်ငံ စီးပွားရေး ရာခိုင်နှုန်း ၈၀ လောက်ကို နိုင်ငံခြားသားတွေက ချုပ်ကိုင်သွားတာမျိုး ဖြစ်သွားမယ်" ဟု ဦးသိန်းထွန်းက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် အစိုးရဘဏ် လေးခုနှင့် ပုဂ္ဂလိကဘဏ် ၂၁ ခု ရှိနေပြီး ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံမှ ကိုယ်စားလှယ်ရုံးခွဲများ ဖွင့်လှစ်ခွင့် ရရှိထားသော်လည်း ငွေကြေးဆိုင်ရာ အကြံပေးမှုကိုသာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...