Wednesday, December 18, 2013

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် အာဏာသိမ်းမှုကို နှိမ်နင်းနိုင်ခဲ့ကြောင်း တောင်ဆူဒန်သမ္မတ ပြောကြား

Wednesday, 18 December 2013


ဒီဇင်ဘာ ၁၄ ရက်တွင် ဆူဒန်မှနေ၍ တောင်ဆူဒန်သို့ ပြန်လည်သွားရောက်ရန် ပြင်ဆင်နေသော တောင်ဆူဒန်ဒေသခံများ (Photo:AFP)

ကမ္ဘာ့သက်တမ်း အနုဆုံးဖြစ်သည့် တောင်ဆူဒန်နိုင်ငံ၏ မြို့တော်တွင် နှစ်ဖက်တပ်များအကြား တစ်ညလုံး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ရပ်ကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ကြောင်း တောင်ဆူဒန်သမ္မတက ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာခဲ့သည်။

ညသန်းခေါင်ယံအချိန် မတိုင်မီကလေးတွင် မြို့၏အလယ်ဗဟိုနှင့် အလွန်နီးကပ်သော နေရာတွင်ရှိသည့် စစ်တန်းလျားတစ်ခုအတွင်း တိုက်ပွဲစတင် ဖြစ်ပေါ်ခဲ့သည်ဟု သံတမန်များနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ တိုက်ပွဲဖြစ်ပွားရာတွင် လက်နက်ကြီးများနှင့် စက်သေနတ်များကို အသုံးပြုခဲ့သည်ဟု ဆိုသည်။

ကြောက်လန့်နေသည့် ရာပေါင်းများစွာသော အရပ်သားများသည် ကုလသမဂ္ဂ အဆောက်အအုံ တစ်ခုအတွင်းသို့ ပြေးဝင်ခိုလှုံ ခဲ့ကြသောကြောင့် ကုလသမဂ္ဂက တိုက်ပွဲဖြစ်ပွားမှုအပေါ် လွန်စွာစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

တောင်ဆူဒန်မြို့တော် တစ်လွှားတွင် နေထိုင်ကြသူများအနက် အချို့သည် အိမ်တံခါးများ အလုံပိတ်လျက် ပုန်းအောင်းနေကြပြီး အချို့က ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးရန် ကြိုးပမ်းနေကြကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက သတင်းပေးပို့ခဲ့သည်။ ပြဿနာမျိုးစုံဖြင့် ရုန်းကန်နေရသော တောင်ဆူဒန်နိုင်ငံတွင် ယခုဖြစ်ပွားခဲ့သည့် နောက်ဆုံးအကြမ်းဖက်မှုသည် ယင်းနိုင်ငံ၏ အလွန်စိုးရိမ်ဖွယ် အနေအထားကို စောင့်ကြည့်နေသော အမေရိကန် အစိုးရအား အကြီးအကျယ် သတိပေး နှိုးဆော်လိုက်ခြင်းလည်း ဖြစ်သည်။

ယခုတိုက်ခိုက်မှုအတွက် ဒုတိယသမ္မတ ဟောင်းရိတ်မာချာ၏ သစ္စာခံ တပ်ဖွဲ့ဝင်များကို တောင်ဆူဒန်သမ္မတ ဆယ်လ်ဗာကားက အပြစ်တင်ခဲ့သည်။ မာချာသည် ဇူလိုင်လတွင် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသူ ဖြစ်သည်။ မာချာက သူ့အတွက် တရားမျှတမှု ရရှိအောင် ပြုလုပ်မည်ဟု ကတိပြု ကြွေးကြော်ထားသူလည်း ဖြစ်သည်။

ဆူဒန်သမ္မတက ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများသို့ မိန့်ခွန်းပြောကြားရာတွင် "သင်တို့ရဲ့ အစိုးရက ဂျူဘာမှာ လုံခြုံရေး အခြေအနေတွေကို အပြည့်အ၀ ထိန်းချုပ်ထားပါတယ်။ တိုက်ခိုက်သူတွေ ထွက်ပြေးသွားပြီး သင်တို့ရဲ့တပ်တွေက လိုက်လံချေမှုန်းနေပါတယ်။ တရားမျှတမှုသာ လွှမ်းမိုးရမယ်လို့ ကျွန်ုပ်သင်တို့ကို ကတိပေးပါတယ်" ဟုဆိုသည်။ သူက ညမထွက်ရ အမိန့်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ ထုတ်ပြန်ထားကြောင်းနှင့် နောက်ထပ်အမိန့်များ မထုတ်ပြန်ခင်အထိ ယင်းအတိုင်း ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။ မြို့အတွင်း၌ ရှိနေသော သံတမန်တစ်ဦးက သမ္မတတပ်များသည် အဓိက လမ်းဆုံများ၌ နေရာယူထားကြောင်းနှင့် ဂျုဘာလေဆိပ်ကို ပိတ်ထားကြောင်း ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...