Wednesday, December 18, 2013

မြောက်ကိုရီးယား စစ်တပ်နှင့် ပါတီက ကင်ဂျုံအွန်အပေါ် သစ္စာရှိပါမည်ဟု ကတိပြု


Wednesday, 18 December 2013



ဒီဇင်ဘာ ၁၇ ရက်က ပြုံယမ်းတွင်ပြုလုပ်သည့် ကင်ဂျုံအီကွယ်လွန်မှု နှစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်နေသော စစ်ဘက်ဆိုင်ရာ အရာရှိများကို တွေ့မြင်ရစဉ် (Photo:AP)

မြောက်ကိုရီးယားနိုင်ငံ တည်ငြိမ်ရေးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ကြီးထွားလာနေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်ခဲ့သည့် ဒုတိယမြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဒီဇင်ဘာ ၁၇ ရက်တွင် ကျင်းပခဲ့ရာ စစ်ဘက်နှင့်ပါတီမှ အဆင့်မြင့်ခေါင်းဆောင်များက ကင်ဂျုံအွန်အပေါ် အပြည့်အ၀ သစ္စာရှိပါမည်ဟု ကတိပြုခဲ့ကြကြောင်း သိရသည်။ အသက်ငယ်ရွယ်သောခေါင်းဆောင် ကင်ဂျုံအွန်သည် သူ၏ဦးလေးလည်းဖြစ်၊ နိုင်ငံရေး အကြံပေးလည်းဖြစ်သူ ဂျန်ဆောင်သက်ကို လွန်ခဲ့သည့် သီတင်းပတ်အတွင်းက သတ်ဖြတ်ခဲ့ပြီးနောက် ကင်ဂျုံအွန်၏ ဖခင်နှင့် နိုင်ငံအကြီးအကဲဟောင်း ကင်ဂျုံအီကို ဂုဏ်ပြုသည့် တွေ့ဆုံပွဲတစ်ရပ်ကို မြို့တော်ပြုံယမ်း၌ ကျင်းပခဲ့ရာတွင် စစ်ဘက်နှင့် ပါတီခေါင်းဆောင်များက သစ္စာဆိုမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဂျန်သတ်ဖြတ်ခံရမှုက ပြုံယမ်းအစိုးရအဖွဲ့ ထိပ်ပိုင်းအတွင်း အကွဲအပြဲများ ဖြစ်ပေါ်စေနိုင်သည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာပြီး နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားက ရန်စသည့်လုပ်ရပ်များ ပြုလုပ်လာနိုင်သည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်တို့က စိုးရိမ်နေကြသည်။

နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသရာတွင် ကင်ဂျုံအွန် စင်မြင့်ထက် နေရာယူလိုက်စဉ် အားလုံးမတ်တတ်ရပ်ကာ နှုတ်ဆက်သြဘာပေးသံများ မိုးချုန်းသကဲ့သို့ ထွက်ပေါ်မလာမီ သိန်းနှင့်ချီသော စစ်ဘက်နှင့် ပါတီဘက်ဆိုင်ရာ အရာရှိများသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်စွာထိုင်လျက် မိနစ်ပေါင်းများစွာကြာ မျက်နှာထားတင်းတင်းဖြင့် ရှိနေခဲ့ကြပုံကို တွေ့မြင်ရသည်။ ဂြိုဟ်တုတစ်လုံးအား ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ခြင်းနှင့် အင်အားအကြီးဆုံး နျူကလီးယား စမ်းသပ်မှု ပြုလုပ်နိုင်ခဲ့ခြင်းတို့ကို ရည်ညွှန်းလျက် မြောက်ကိုရီးယား၏ ဟန်ပြနိုင်ငံ အကြီးအကဲ ကင်ယုံနမ်က ကင်ဂျုံအွန်လက်ထက်တွင် ကြီးမားသော အောင်မြင်မှုနှစ်ရပ် ရရှိခဲ့သည်ဟု ချီးကျူးပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...