Wednesday, December 11, 2013

နျူကလီးယား စစ်ပွဲက လူ့ယဉ်ကျေးမှုကို အငတ်ဘေးနှင့် နိဂုံးချုပ်သွားစေနိုင်

Wednesday, 11 December 2013

ဟိုက်ဒရာဘတ်မြို့တွင် ဆင်းရဲနွမ်းပါး သူများအတွက် အစားအစာ ကျွေးမွေးရေး အစီအစဉ် တစ်ခုတွင် အိန္ဒိယ အိမ်ခြေရာမဲ့များကို တွေ့ရစဉ် (Photo:AFP)

အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်င်ငံ နျူကလီးယားစစ် ဖြစ်ပွားခဲ့လျှင် လူနှစ်ဘီလျံထိ သေဆုံးနိုင်သော ကမ္ဘာလုံးဆိုင်ရာ အငတ်ဘေးကြီး ဖြစ်ပွားနိုင်ပြီး လူ့ယဉ်ကျေးမှု တစ်ခုလုံးလည်း ပျက်သုဉ်းသွားနိုင်ကြောင်း လေ့လာမှုတစ်ရပ်က ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

နျူကလီးယား စစ်ပွဲသည် အကန့်အသတ်နှင့် ဖြစ်ပွားခဲ့သည့်တိုင် နျူကလီးယားလက်နက် ပဋိပက္ခသည် လေထုအတွင်း ကြီးမားသော ပျက်စီးမှု ဖြစ်ပေါ်မည်ဖြစ်ပြီး ကောက်ပဲသီးနှံများ ပျက်စီးစေမည်ဖြစ်သည်။ အကျိုးဆက် အနေဖြင့် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်လည်း ကမောက်ကမ ဖြစ်သွားမည်ဖြစ်ကြောင်း ယင်းလေ့လာမှုက ဆိုသည်။

နိုဗယ်ငြိမ်းချမ်းရေးဆုရ နျူစစ်ဟန့်တားရေး နိုင်ငံတကာ ဆရာဝန်များနှင့် လူမှုတာဝန်ယူမှုဆိုင်ရာ ဆရာဝန်များအဖွဲ့ International Physicians for the Prevention of Nuclear War and Physicians for Social Responsibility က ၂၀၁၂ ခုနှစ် ဧပြီလတွင် ကနဦး ထုတ်ပြန်ခဲ့သော အစီရင်ခံစာ၌ နျူစစ်အငတ်ဘေးကြောင့် လူတစ်ဘီလျံကျော် သေနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ဒုတိယအကြိမ် ယခုအစီရင်ခံစာတွင် ယင်းအဖွဲ့က တရုတ်တွင် နျူကလီးယား စစ်ပွဲ၏ သက်ရောက်မှုများကို လျှော့တွက်ထားပြီး ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံကြီး အနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှုကို အကြီးအကျယ် ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြခဲ့သည်။

"ဖွံ့ဖြိုးဆဲ ကမ္ဘာမှာ လူတစ်ဘီလျံ သေဆုံးမှုဟာ လူသားသမိုင်းမှာ မကြုံဖူးတဲ့ ကပ်ဆိုးကြီး တစ်ခုပါ။ တရုတ်နိုင်ငံမှာရှိတဲ့ လူ ၁ ဒသမ ၃ ဘီလျံဟာ အန္တရာယ်ကြုံရနိုင်ခြေ ရှိတယ်ဆိုတာကို ထည့်သွင်းတွက်ချက်မယ်ဆိုရင် ကျွန်တော်တို့ဟာ လူ့ယဉ်ကျေးမှု သမိုင်းနိဂုံးကို ရောက်ရှိသွားမှာပါ" ဟု ယင်းလေ့လာမှုကို ရေးသားခဲ့သူ အီရာဟယ်ဖန်က ပြောကြားခဲ့သည်။

ယခု လေ့လာမှုသည် ၁၉၄၇ ခုနှစ်နောက်ပိုင်း စစ်ပွဲသုံးကြိမ် ဖြစ်ခဲ့ပြီး ကာလရှည်ကြာ တင်းမာနေသော နျူလက်နက်ပိုင် နှစ်နိုင်ငံ ဖြစ်ကြသည့် အိန္ဒိယနှင့် ပါကစ္စတန်တို့ကို အခြေခံပြီး တွက်ချက်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကန့်သတ်နျူကလီးယား စစ်ပွဲမျိုး မည်သည့်နေရာတွင် ဖြစ်ပွားသည်ဖြစ်စေ အလားတူ ဆိုးကျိုးမျိုး ကြုံရမည်ဖြစ်ကြောင်း ဟယ်ဖန်က ပြောကြားခဲ့သည်။ ခေတ်သစ်နျူကလီးယား လက်နက်များသည် ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားနှင့် နာဂါစာကီတွင် လူ ၂၀၀၀၀၀ ကျော် သေဆုံးစေခဲ့သော အမေရိကန်၏ အဏုမြူဗုံးများထက် ပိုမိုပြင်းထန်သည်။

အမေရိကန်နှင့်ရုရှား စစ်ဖြစ်ခဲ့လျှင် လူသားမျိုး တုံးသွားနိုင်ကြောင်း၊ ထိုသို့သော စစ်ဖြစ်လျှင် ကမ္ဘာ့တစ်နေရာရာတွင် လူသားရှင်ကျန်မှုမှာ ဖြစ်နိုင်ခြေ ရှိသော်လည်း ပရမ်းပတာ အခြေအနေများ၊ လူစဉ်မမီမှုများ ဖြစ်နိုင်ကြောင်း၊ တောင်အာရှနျူစစ်ကြောင့် လေထုတွင်းသို့ ကာဗွန်နက် ဖိသိပ်အမှုန်များ ပျံ့နှံ့ကာ ဆယ်စုနှစ်အတွင်း အမေရိကန်ပြောင်းနှင့် ပဲထုတ်လုပ်မှု ဆယ်ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။ ယင်းအမှုန်များသည် တရုတ်၌ ဆန်စပါး ထုတ်လုပ်မှု လေးနှစ်အတွင်း ၂၁ ရာခိုင်နှုန်း ကျဆင်းစေနိုင်ပြီး နောက်ထပ် ၆ နှစ်အတွင်း ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်သည်။

နျူစစ်၏ ဆိုးကျိုးကို တိကျစွာ ခန့်မှန်းရန်ခက်ကြောင်း လေ့လာမှုက ဖော်ပြခဲ့သည်။ နျူကလီးယားစစ်ပွဲ အငတ်ဘေးကို နျူကလီးယား အင်အားကြီး နိုင်ငံများမှ မူဝါဒ ချမှတ်သူများက သတိပြုရမည်ဖြစ်ကြောင်း ဟယ်ဖန်က သတိပေးခဲ့ပြီး သုတေသနများ ထပ်မံဆောင်ရွက်ရန်နှင့် နျူလက်နက်များ ဖျက်သိမ်းရေးသည် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...