Wednesday, December 11, 2013

တရားရုံးများအား စောင့်ကြည့်သည့် ဥပဒေကြမ်းကို လာမည့်လွှတ်တော်တွင် တင်သွင်းမည်၊ တရားရေး ၀န်ကြီးဌာန ပြန်လည်ထားရှိရန်နှင့် တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေ အပါအ၀င် တရားရေးဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ရေးဆွဲရန် တိုက်တွန်းမှုများရှိ

Wednesday, 11 December 2013



အောက်တိုဘာလတွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ် မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

မြန်မာ့တရားစီရင်ရေး နယ်ပယ်၌ လျော့ပါးခြင်း မရှိသေးသော လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုနှင့် အကျင့်ပျက် ခြစားမှုများကို ကိုင်တွယ်ဆောင်ရွက်ရန်အတွက် တရားရုံးများအား စောင့်ကြည့်သည့် ဥပဒေကြမ်း တစ်ရပ်ကို လာမည့်လွှတ်တော်တွင် တင်သွင်းမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က The Daily Eleven နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

တရားရုံးများကို စောင့်ကြည့်သည့် "တရားရုံးများ လေ့လာစောင့်ကြည့်ရေး ဥပဒေကြမ်း" ကို ပထမအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး၌ တင်သွင်းမည်ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သော်လည်း တင်သွင်းနိုင်ခဲ့ခြင်း မရှိသောကြောင့် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် လွှတ်တော်အစည်းအဝေးတွင် တင်သွင်းရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

"လာဘ်ပေးလာဘ်ယူ ကိစ္စကို ဆောင်ရွက်တဲ့ အခါမှာ ထိထိရောက်ရောက် အရေးယူဖို့၊ ကော်မတီ အနေနဲ့ တရားရုံးများကို စောင့်ကြည့်တဲ့ ဥပဒေကြမ်းပေါ့။ အဲဒါကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဒါတွေကြိုးစားနေတယ်။ လာမယ့်လွှတ်တော်မှာ တင်မယ်" ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းတွင် မီဒီယာများ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းထားပြီး ဥပဒေအရ ပေါ်ပေါက်လာမည့် လေ့လာစောင့်ကြည့်ရေး အဖွဲ့များတွင် သတင်းမီဒီယာများကို ထည့်သွင်းမည်ဟု သိရသည်။

လက်ရှိအချိန်တွင် တရားရုံးများ၏ ပုံစံသည် တရားစီရင်ရေးနှင့် စီမံခန့်ခွဲမှု အာဏာတို့ကို ပေါင်းစပ်ထားသဖြင့် အဂတိ လိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှု ကိစ္စများမှာ ဆက်လက်ဖြစ်ပေါ် နေခြင်းဖြစ်ပြီး ထိုကိစ္စရပ်ကို ကိုင်တွယ်ရန်အတွက် တရားရေး ၀န်ကြီးဌာန ဖွဲ့စည်းပြီး ဖြေရှင်းသင့်ကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စကို ဆောင်ရွက်တဲ့ အခါမှာ ထိထိရောက်ရောက် အရေးယူဖို့၊ ကော်မတီ အနေနဲ့ တရားရုံးများကို စောင့်ကြည့်တဲ့ ဥပဒေကြမ်းပေါ့။ အဲဒါကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဒါတွေကြိုးစားနေတယ်။ လာမယ့်လွှတ်တော်မှာ တင်မယ် . . . . .


"အခြေခံ ဥပဒေ ပြင်တဲ့အခါ အရင်ခေတ်ကလို တရားရေး ၀န်ကြီးဌာန ပြန်ထားပေါ့။ တရားရေး ၀န်ကြီးဌာနရဲ့ အလုပ်က ဘာလဲဆိုတော့ တရားရုံး အဆက်ဆက်ရဲ့ သီးခြားဌာန ဖြစ်တဲ့အတွက် တရားစီရင်ရေးရဲ့ စီရင်ချက်တွေကို သူလေ့လာ စောင့်ကြည့်မှာပေါ့။ အဂတိတရားလေးပါး လိုက်စားတဲ့ စီရင်ချက်လို့သူ သံသယရှိရင် သူလေ့လာ စုံစမ်းမှု လုပ်မှာပေါ့။ တွေ့ရှိချက်ပေါ် မူတည်ပြီးတော့ အလုပ်က ထုတ်ပစ်တာတို့ တရားစွဲတာတို့ ရာထူးချပစ်တာတို့ နယ်ပြောင်းပစ်တာတို့ ဒါမျိုးတွေ လုပ်ပြီးတော့ ထိန်းကျောင်းတဲ့ဟာတစ်ခု လိုမှာပေါ့" ဟု ဦးသိန်းညွန့်က ဆိုသည်။

မြန်မာ့တရားစီရင်ရေး စနစ်တွင် တရားရေး ၀န်ကြီးဌာန ပြန်လည်ထားရှိသင့်ကြောင်း တိုက်တွန်းချက်ကို မြန်မာနိုင်ငံမှ ရှေ့နေ ၆၀ ကျော်နှင့် တွေ့ဆုံမေးမြန်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ဥပဒေ ပညာရှင်များ ကောင်စီ (ICJ) ၏ ၂၀၁၃ အစီရင်ခံစာတွင်လည်း အချက်တစ်ချက် အနေဖြင့် ဖော်ပြထားသည်။ တရားရေး ၀န်ကြီးဌာနသည် တရားသူကြီးများ၏ လခသတ်မှတ်ခြင်းနှင့် ပင်စင်လစာ သတ်မှတ်ခြင်း အပါအ၀င် တရားရုံး စနစ်ကို စီမံအုပ်ချုပ်ရန် တာဝန်ရှိကြောင်း ICJ က ဆိုသည်။

ထို့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားသောအားဖြင့် တရားရုံးကို မထီမဲ့မြင်ပြုမှု ဥပဒေများကို ပြန်လည်ပြင်ဆင် ရေးဆွဲသင့်ကြောင်း ICJ က အကြံပြုထားသည်။ အစိုးရမှ ၀င်ရောက်စွက်ဖက်ခြင်း မပြုသော လွတ်လပ်သည့် ဘားကောင်စီ ဖြစ်ပေါ်ရေးအတွက် ဘားကောင်စီ အက်ဥပဒေ၊ ရှေ့နေများ အက်ဥပဒေနှင့် စည်းကမ်းပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလည်း ပြင်ဆင်ရေးဆွဲ သင့်ကြောင်း ICJ က အစီရင်ခံစာ၌ ထည့်သွင်းရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌတာဝန်ယူပြီး လုပ်ဆောင်နေသည့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အနေဖြင့်လည်း ၎င်းတို့ကော်မတီ၏ အစီရင်ခံစာကို သမ္မတ ဦးသိန်းစိန်ထံသို့ တင်သွင်းပြီး ဖြစ်သည်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက သမ္မတထံ နောက်ဆုံးတင်သွင်းခဲ့သည့် အစီရင်ခံစာ၌ တရားစီရင်ရေးနှင့် ပတ်သက်ပြီး အချက်လေးချက်ကို လုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။ ထိုအချက် လေးချက်မှာ (၁) တရားစွဲ အဖွဲ့အစည်းများကလည်း တရားရုံးကို ကူညီပံ့ပိုး ပေးရပါမည် (၂) ဥပဒေ အရာရှိများကလည်း တရားရုံး၏ ဆောင်ရွက်ချက်များသည် ဥပဒေနှင့် ညီ၊ မညီ စိစစ်ပြီး ပြည်သူများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ မနစ်နာစေရန် ဥပဒေနှင့်အညီ အကာအကွယ် ပေးရပါမည် (၃) မှုခင်းဆရာဝန်များကလည်း မိမိတို့၏ စစ်ဆေးတွေ့ရှိချက်များကို တရားရုံးများသို့ မှန်မှန်ကန်ကန် တင်ပြရန်လိုခြင်း (၄) တရားရုံးများတွင် အမှုလိုက်ပါ ဆောင်ရွက်ကြသော ဥပဒေ အရာရှိများ၊ ရှေ့နေများကလည်း မိမိတို့၏ ကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်လိုကြောင်း၊ ဥပဒေနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရန် လိုခြင်းတို့ ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့တရားစီရင်ရေး နယ်ပယ်အတွင်း အကျင့်ပျက် ခြစားမှုများနှင့် လာဘ်ပေးလာဘ်ယူ အဂတိ လိုက်စားမှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်နေပြီး အစိုးရပိုင်းမှ အရေးယူ ကိုင်တွယ်ဆောင်ရွက်မှုများ အားနည်းနေကြောင်း ဒီဇင်ဘာ ၉ ရက်ထုတ် Weekly Eleven News ဂျာနယ် အတွဲ (၉)၊ အမှတ် (၉) တွင် ဖော်ပြခဲ့သော "တရားခွင်မှာ တရားသူကြီးအစား ငွေထုပ်ပဲ ရှိလာတဲ့အခါ .... မြန်မာ့တရားစီရင်ရေး နယ်ပယ်၌ အဂတိ လိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက် ခြစားမှုများ လျော့ပါးခြင်း မရှိသေး" သတင်းဆောင်းပါးတွင် ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြခဲ့ပြီး ဒီဇင်ဘာ ၉ ရက်မှာပင် ရန်ကုန်တိုင်းဒေသကြီး၊ တရားသူကြီးများ၏ အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...