Wednesday, December 11, 2013

ဆင်းရဲနွမ်းပါးသော ဘိုးဘွားများကို စောင့်ရှောက်ရန် ဂေဟာများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဦးဆောင်ဖွင့်လှစ်ရန် အဆိုတင်သွင်း

Wednesday, 11 December 2013

ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်နေသည့် သက်ကြီးရွယ်အိုနှစ်ဦးအား တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆင်းရဲနွမ်းပါးသော သက်ကြီးဘိုးဘွားများအား ပြုစုစောင့်ရှောက် နိုင်ရန်အတွက် သက်ကြီးဘိုးဘွားဂေဟာ (နေ့)များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ထူထောင် ဖွင့်လှစ်သွားရန် တိုက်တွန်းကြောင်း အဆိုကို ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တင်သွင်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ကြီးဘိုးဘွားများတွင် တောင်းရမ်းစားသောက်သူများ ရှိနေကြောင်း၊ ယင်းအတွက် သက်ကြီးရွယ်အိုများကို ထိန်းသိမ်းခဲ့ရမှုများလည်း ရှိကြောင်း၊ သို့ဖြစ်ရာ သက်ကြီးဘိုးဘွားများအား စောင့်ရှောက်မှု လုပ်ငန်းတွင် အစိုးရ အနေဖြင့် လျစ်လျူရှုထား သလားဟု တွေးမိကြောင်း၊ လမ်းတံတား ဆောက်လုပ်ရေး လုပ်ငန်းများတွင် ငွေကျပ် ဘီလျံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်ခဲ့သည့်အတူ လူမှုရေး လုပ်ငန်းများတွင်လည်း ဘဏ္ဍာငွေများ မျှဝေသုံးစွဲသင့်ကြောင်း၊ နေ၀င်ချိန် ရောက်ရှိနေသည့် ဘိုးဘွားများအတွက် စောင့်ရှောက်မှုများ ပြုလုပ်ပေးသင့်ကြောင်း ဒေါက်တာညိုညိုသင်းက အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

"စည်ပင်ကပဲဖြစ်ဖြစ်၊ တိုင်းအထွေထွေ အုပ်ချုပ်ရေးကပဲဖြစ်ဖြစ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ပဲဖြစ်ဖြစ် သုံးစွဲမယ့် အသုံးစရိတ်ငွေရဲ့ တစ်ရာခိုင်နှုန်းကို မျှဝေပြီး သက်ကြီးဘိုးဘွားတွေအတွက် စောင့်ရှောက်ရေး လုပ်ငန်းတွေပေးဖို့ အစိုးရ အဖွဲ့ကို တိုက်တွန်းချင်ပါတယ်" ဟု ဒေါက်တာညိုညိုသင်းက ဆိုသည်။

ယင်းအဆို တင်သွင်းမှုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည်။

ဒေါက်တာညိုညိုသင်း အနေဖြင့် ယခင်လွှတ်တော် အစည်းအဝေးကလည်း ကိုယ်ဝန်ဆောင် မိခင်များအား စောင့်ရှောက်မှုပေးရန်၊ အာဟာရ ချို့တဲ့သည့် ဆင်းရဲနွမ်းပါးသော ကျောင်းများမှ ကလေးများအား စဉ်ဆက်မပြတ် အာဟာရ တိုက်ကျွေးသည့် အစီအစဉ်များ ပြုလုပ်ပေးရန် တောင်းဆိုသည့် အဆိုများအား တင်သွင်းခဲ့ဖူးသော်လည်း အများစုမှာ ရှုံးနိမ့်ခဲ့ရသည်။


EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...