Wednesday, December 11, 2013

EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားမှုအား ဖေဖော်ဝါရီလထက် နောက်မကျရန်နှင့် ပွင့်လင်းမြင်သာမှု ရှိ မရှိ ဆန်းစစ်ရမည့်ကဏ္ဍများ လျော့နည်းရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ EITI ဘုတ်အဖွဲ့သတိပေး


Wednesday, 11 December 2013




နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် EITI ဆွေးနွေးပွဲမြင်ကွင်း

၂၀၁၃ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်တွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမိန့်စာ ထုတ်ညွှန်ကြားခဲ့သော်လည်း ယခုနှစ်အတွင်း လျှောက်ထားရန်မဖြစ်နိုင်တော့သည့် မြန်မာနိုင်ငံအနေဖြင့် EITI အဖွဲ့ဝင်လောင်းအဖြစ် လျှောက်ထားမှုအား လာမည့်နှစ် ဖေဖော်ဝါရီလထက် နောက်မကျရန်နှင့် ပွင့်လင်းမြင်သာမှု ရှိ မရှိ ဆန်းစစ်ရမည့် ကဏ္ဍများ အနည်းဆုံးဖြစ်ရန် လိုအပ်ကြောင်း အပြည်ပြည်ဆိုင်ရာ EITI ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Ms.Clare Short က သတိပေး ပြောကြားသည်။

"ကျွန်မတို့အနေနဲ့ ညွန့်ပေါင်းအဖွဲ့ (Multi Stakeholder Group) ဖွဲ့နိုင်ဖို့ ကြိုးစားနေတယ်။ အမြန်ဆုံးဖွဲ့နိုင်ရမယ်။ ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြီးအောင်လုပ်နိုင်ရင် ကောင်းမယ်။ လျှောက်လွှာတင်တဲ့အခါမှာလည်း အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် သတ်မှတ်ခံရဖို့ ပွင့်လင်းမြင်သာမှုအတွက် စိစစ်သင့်တဲ့ ကဏ္ဍတွေကို အတတ်နိုင်ဆုံး နည်းအောင်လုပ်သင့်ပါတယ်" ဟု ၎င်းက ဆိုသည်။

ထိုသို့ ပြောကြားရခြင်းမှာ အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားပြီးနောက် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်စသည့် တွင်းထွက်သယံဇာတများပြားသည့် မြန်မာနိုင်ငံတွင် သယံဇာတကဏ္ဍစုံအား အလုံးစုံ စိစစ်နေမည်ဆိုပါက သတ်မှတ်ချိန် မလုံလောက်ခြင်း၊ အစီရင်ခံစာပြည်စုံမှု မရှိသဖြင့် အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားမှု ငြင်းပယ်ခံရခြင်း ဖြစ်စဉ်များ ဖြစ်ပွားနိုင်ကြောင်း Ms.Clare Short က ဆိုသည်။

"မတ်လထဲမှာ အပြည်ပြည်ဆိုင်ရာ EITI ဘုတ်အဖွဲ့ရဲ့ ဆွေးနွေးပွဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဇန်န၀ါရီလောက်မှာ အဖွဲ့ဝင်လောင်းအဖြစ် မလျှောက်နိုင်ရင် ဇွန်လထဲမှာလုပ်မယ့် အစည်းအဝေးကို ရောက်သွားမယ်။ အဖွဲ့ဝင်လောင်းအဖြစ် လျှောက်ထားပြီးရင်လည်း လျှောက်လွှာမှာဖော်ပြမယ် လုပ်ငန်းအစီအစဉ်တွေ လုပ်ငန်းတွေကို လာရောက်စိစစ်မှာမို့ သတိပေးတာပါ" ဟု မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးမင်းဇာနည်လင်းက ပြောကြားသည်။

သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးနှင့် သတ္တုတွင်းကဏ္ဍများဆိုင်ရာ ပွင့်လင်းမြင်သာရေး ဆောင်ရွက်ချက် (EITI) အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန် တခြားသောနိုင်ငံများထက် ထူးခြား၍ အစိုးရမှ ဦးဆောင်ကာ အဖွဲ့ဝင်နိုင်ငံအဖြစ် ဆောင်ရွက်မည့် မြန်မာနိုင်ငံအနေဖြင့် အရပ်ဘက် အဖွဲ့အစည်းများ၏ တောင်းဆိုချက်များဖြင့် ရင်ဆိုင်ခဲ့ရပြီး EITI အဖွဲ့ဝင်လောင်းနိုင်ငံအဖြစ် လျှောက်ထားမှုတွင် အရေးကြီးသည့် ညွန့်ပေါင်းအဖွဲ့(Multi Stakeholder Group) အား ဖွဲ့စည်းနိုင်မှု မရှိသေးကြောင်း သိရသည်။

ထိုသို့ အရပ်ဘက်အဖွဲ့အစည်းများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်သည့် အနေအထားသို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလအတွင်း ဖွဲ့စည်းနိုင်ဖွယ်ရှိကာ အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက် အဖွဲ့အစည်းများမှလည်း ကိုယ်စားလှယ်လောင်းများအား ယင်းတို့၏ အစီအစဉ်များအရ ရွေးချယ်မှုများ ရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံးမှ ဒုတိယအဖွဲ့ခေါင်းဆောင် ဦးမင်းဇာနည်လင်းက ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...