Friday, January 3, 2014

မြန်မာ့ ဆက်သွယ်ရေးမှ တစ်နှစ် ငွေကျပ်သိန်း ၆ဝဝ ဖြင့် ကုမ္ပဏီလေးခုကို ပြည်တွင်း အမြန်ချောပို့ လုပ်ငန်းအား လုပ်ကိုင်ခွင့်ပြု

Friday, 03 January 2014



မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်တွင်း အမြန်ချောစာပို့ လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တစ်နှစ်လျှင် ငွေကျပ်သိန်းပေါင်း ၆ဝဝ ဖြင့် တရားဝင် လုပ်ကိုင်ခွင့်အား ယမန်နေ့က စတင်ကာ ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အမြန်ချောစာပို့ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိခဲ့သည့် UNITED COURIER SERVICES (UCS) မှ ဒါရိုက်တာ ဦးဝင်းဆန်းထွေး က ပြောကြားခဲ့သည်။


ပြည်တွင်း ချောစာပို့ လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်ရန် အတွက် တင်ဒါ စနစ်ဖြင့် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ငန်းကို ပြည်တွင်း ကုမ္ပဏီ လေးခုမှ ယမန်နေ့က စတင်လုပ်ကိုင် ဆောင်ရွက်ခဲ့ကြောင်း ၄င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အမြန်ချောစာပို့ လုပ်ငန်းများကို ယခုတစ်ကြိမ် တရားဝင် ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့် ပေးလိုက်သည့်အတွက် အမြန်ချောစာပို့ လုပ်ငန်းတွင် အစိုးရ အပါအဝင် ငါးခုအထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၂ဝ၁၄ ခုနှစ်တွင် စတင်ကာ သုံးနှစ်အထိ တရားဝင် လုပ်ကိုင် ခွင့်ပြုပေးလိုက်သည့် ကုမ္ပဏီ လေးခုမှာ UNITED COURIER SERVICES

(UCS) ၊ MGL၊ Royal Company နှင့် SBS ကုမ္ပဏီများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီ လေးခုထဲတွင် UNITED COURIER SERVICES (UCS) နှင့် MGL ကုမ္ပဏီ များမှာ ဒုတိယအကြိမ် ထပ်မံ လုပ်ကိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး UCS မှာ ပြည်တွင်းအမြန် ချောစာပို့ လုပ်ငန်းများကို ရန်ကုန်၊ နေပြည်တော်၊ ပျဉ်းမနား၊ မန္တလေး၊ ပြည်၊ မကွေး၊ မုံရွာ၊ ပြင်ဦးလွင်၊ မြိတ်၊ ဘားအံ၊ တောင်ကြီး၊ မော်လမြိုင်နှင့် ပုသိမ်မြို့များ အပါအဝင် မြို့ကြီး ၁၅ မြို့တွင် အင်တာနက် စာထုပ်ခြေရာခံ စနစ် (Tracking System) ဖြင့် စတင်ကာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

UNITED COURIER SERVICES (UCS) ကုမ္ပဏီ အနေဖြင့် အမြန်ချောစာပို့ လုပ်ငန်းများကို နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပြင်ဦးလွင်၊ မကွေး စာတိုက်ကြီးများနှင့် UNITED COURIER SERVICES (UCS) ရုံးခွဲရှိ စာတိုက်ကြီး များတွင် ယမန်နေ့က စတင်ကာ ဝန်ဆောင်မှု ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ကံထူး

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...