Friday, January 3, 2014

အင်းလေး၊ ကလောရှိ တောင်တန်းဒေသများနှင့် ချောင်းသာကမ်းခြေတို့ကို ရေရှည်ဖွံ့ဖြိုးသော ခရီးသွားလုပ်ငန်း ဖြစ်လာရန် လေ့လာမှုများ ပြုလုပ်မည်


Written by:
အောင်ရဲကို

ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်မည့် ချောင်းသာကမ်းခြေအား တွေ့ရစဉ်


အင်းလေး၊ ကလောရှိ တောင်တန်းဒေသများနှင့် ချောင်းသာကမ်းခြေတို့ကို ရေရှည်ဖွံ့ဖြိုးသော ခရီးသွားလုပ်ငန်း ဖြစ်လာရန် လေ့လာမှုများ ပြုလုပ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းလေ့လာမှုကို IID (Institute for international Development) နှင့် ICIMOD (International Centre for Integrate Mountain Development) မှ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး ၀န်ကြီးဌာနမှလည်း အမြန်ဆုံး အကောင်အထည်ဖော် လုပ်ကိုင်နိုင်ရန် တိုက်တွန်းထားကြောင်း သိရသည်။

ချောင်းသာကမ်းခြေကိုလည်း ဧရာဝတီတိုင်းဒေသ အစိုးရအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် လျှပ်စစ်စွမ်းအင်ကိုလည်း အပြည့်အ၀ရရှိရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်မှု ရာခိုင်နှုန်းအရ အာဆီယံနိုင်ငံများတွင် အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေသည့်အတွက် အီတလီနိုင်ငံနှင့် အခြားနိုင်ငံတို့မှလည်း ခရီးသွားကဏ္ဍကို ဖြည့်စွက်ကူညီရန် ကမ်းလှမ်းထားမှုများ ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ ခရီးသွား ပင်မစီမံကိန်းကို စတင်အကောင်အထည် ဖော်တော့မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း၊ စီမံကိန်းအတွင်း ပါဝင်သော ဒေသများမှာ ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ငပလီ၊ ငွေဆောင်၊ ပူတာအို၊ မြိတ်၊ နာဂ၊ နတ်မောက်တောင်နှင့် လွိုင်ကော်တို့အပြင် လက်ရှိလေ့လာမည်ဖြစ်သော ချောင်းသာကမ်းခြေလည်း ပါဝင်နေသည်။ ၂၀၁၃ ခုနှစ် ခရီးသွားလာရောက်မှု ကဏ္ဍတွင် မြန်မာနိုင်ငံသို့ အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကတိုက်များမှ လက်ရှိအချိန်ထိ နှစ်သန်းခန့်ထိ လာရောက်ခဲ့ပြီး လာမည့်နှစ်တွင် သုံးသန်းထိ လာရောက်နိုင်ရန် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ရန် ကဏ္ဍပေါင်းစုံကို ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ လာရောက်မှုအများဆုံးမှာ အာရှနိုင်ငံများမှ အများဆုံးဖြစ်နေပြီး ဥရောပ၊ အမေရိကနိုင်ငံများမှလည်း အလည်အပတ်ဖြင့် လာရောက်မှု များပြားလျက်ရှိပြီး အလည်အပတ် အများဆုံး ပြုလုပ်နေသော နေရာများတွင် ရန်ကုန်၊ ပုဂံဒေသများ ထိပ်ဆုံးတွင်ရှိနေပြီး မန္တလေး၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ငပလီကမ်းခြေများသို့လည်း ၀င်ရောက်မှု မြင့်မားနေသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...