Friday, January 3, 2014

အစိုးရက အမြန်ချောပို့ဝန်ဆောင်မှု လုပ်ငန်းအတွက် ပုဂ္ဂလိက ကုမ္ပဏီလေးခုအား သုံးနှစ်စာချုပ်ဖြင့် လုပ်ကိုင်ခွင့်ထပ်မံချပေး


Written by:
အေးသော်တာလှိုင်

အမြန်ချောပို့လုပ်ငန်း လုပ်ဆောင်နေပုံ


အစိုးရက အမြန်ချောပို့ ၀န်ဆောင်မှုလုပ်ငန်းအတွက် ပုဂ္ဂလိကကုမ္ပဏီ ၄ ခုအား သုံးနှစ်စာချူပ်ဖြင့် လုပ်ကိုင်ခွင့် ထပ်မံချပေးခဲ့ပြီး ယခင်လုပ်ကိုင်နေသော ကုမ္ပဏီအပါအ၀င် ယင်းဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်မည့် ကုမ္ပဏီ ငါးခုထိ ရှိလာခဲ့ကြောင်း သိရသည်။

ပြည်တွင်းအမြန်ချောပို့ ၀န်ဆောင်မူလုပ်ငန်းအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဒုတိယအကြိမ် တင်ဒါခေါ်ယူခဲ့ပြီး ယခုနှစ်တွင် လုပ်ငန်းလုပ်ကိုင်ခွင့် သုံးနှစ်စာ လုပ်ကိုင်ခွင့်ပြုကာ တစ်နှစ်လျှင် သိန်း ၆၀၀ ဖြင့် လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် လုပ်ငန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီများတွင် UCS, MGL, Royal Company, SBS တို့ပါဝင်ပြီး ၂၀၁၄ ခုနှစ်ဆန်းပိုင်းမှစကာ ၀န်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက အမြန်ချောပို့ လုပ်ကိုင်ခွင့်ရရှိသည့် United Courier Services (UCS) မှ ဒါရိုက်တာ ဦးဝင်းဆန်းထွေးက “ပထမအကြိမ် တင်ဒါခေါ်တုန်းက တစ်နှစ်စာပဲ လုပ်ကိုင်ခွင့်ပြုခဲ့တာပါ။ ယခုကတော့ ညှိနှိုင်းဆွေးနွေးပြီး ၃ နှစ်စာ လုပ်ကိုင်ခွင့်ရတယ်။ ကုမ္ပဏီက ၂၀၁၄ ဇန်န၀ါရီလကစပြီး ၀န်ဆောင်မှုပေးသွားမယ်။ အခုလို ပုဂ္ဂလိက ကုမ္ပဏီတွေ လုပ်ကိုင်ခွင့်များလာတာ ပြည်သူတွေအနေနဲ့ ရွေးချယ်ခွင့်တွေ ပိုများလာမယ်။ တရားဝင်မှတ်ပုံတင် လုပ်ကိုင်ခွင့်ဖြစ်တဲ့အတွက် အာမခံချက်နဲ့ လုံခြုံမှုစိတ်ချမှုတွေ ပေးနိုင်မယ်” ဟုဆိုသည်။

ပြည်တွင်းပုဂ္ဂလိက ချောပို့လုပ်ငန်းများတွင် စီးပွားရေးဆိုင်ရာ စာရွက်စာတမ်းများ၊ ကုန်ပစ္စည်းနမူနာများ၊ ကျောင်းဝင်ခွင့်၊ အလုပ်ဝင်ခွင့် ပုံစံများနှင့် ဌာနဆိုင်ရာ ချောစာများ စသည့်ဝန်ဆောင်မှုများဖြင့် မြို့ကြီးများသို့ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ကာ ရန်ကုန်-နေပြည်တော် ကျပ် ၂၅၀၀ သတ်မှတ်ထားပြီး အလေးချိန်ပေါ်မှုတည်ကာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကသို့ ယခင်နှစ်မှစကာ တင်ဒါခေါ်ယူ စိစစ်ရွေးချယ်၍ လုပ်ကိုင်ခွင့်ပြုခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အပါအ၀င် တရားဝင်မှတ်ပုံတင်ဖြင့် ပြည်တွင်းအမြန်ချောစာပို့ ၀န်ဆောင်မှုလုပ်ငန်း ငါးခုရှိကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...