Friday, January 3, 2014

မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် သုံးနှစ်အကြာ တူနီးရှား၌ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုရန် မဲခွဲ




၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တူနီးရှားနိုင်ငံမြို့တော် တူးနစ်ရှိ တိုင်းပြည်ပြုလွှတ်တော်၌ ဆွေးနွေးပွဲတက်ရောက်နေသော လွှတ်တော်အမတ်များ (Photo:AFP)


တူနီးရှားတွင် မငြိမ်သက်မှုများ ဖြစ်ပွားပြီးနောက် သုံးနှစ်အကြာနှင့် လက်ရှိအာဏာရ အစ္စလာမ္မစ်များနှင့် အတိုက်အခံတို့အကြား မကျေလည်မှုများဖြင့် လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ပြီးနောက် ငါးလအကြာ ဇန်န၀ါရီ ၃ ရက်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် အမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ညီလာခံတွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုတော့မည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ တင်သွင်းနိုင်ခြင်းသည် အာရပ်နွေဦးခေါ် အာရပ်တော်လှန်ရေး စတင်မွေးဖွားရာဖြစ်သော တူနီးရှားနိုင်ငံတွင် အလွန်အရေးပါသော သမိုင်းမှတ်တိုင်တစ်ရပ် ဖြစ်လာလိမ့်မည်။ တူနီးရှားနိုင်ငံနှင့် အခြားဒေသတွင်း နိုင်ငံများတွင် မငြိမ်သက်မှုများ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး အစိုးရအပြောင်းအလဲများ ဖြစ်ပေါ်ကာ ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာ ပြောင်းလဲရေးအတွက် မျှော်လင့်ချက်များ ပေါ်ထွက်လာသောကြောင့် ယင်းကို ‘အာရပ်နွေဦး’ ဟု ကင်ပွန်းတပ်ခဲ့ကြသည်။

တူနီးရှားနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲရန်အတွက် နောက်ဆုံးအချိန်အထိ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး အသစ်ဖြည့်စွက်မှုများလည်း ပြုလုပ်ခဲ့ရသည်။ ဥပဒေမူကြမ်း ရေးဆွဲရန်အတွက် အချိန်များစွာ ကြန့်ကြာခဲ့ပြီး မဲခွဲဆုံးဖြတ်ရန် သတ်မှတ်ထားသည့်အချိန် မတိုင်မီ နှစ်ရက်အလိုကျမှသာ လေ့လာရန် ဖြန့်ဝေနိုင်ခဲ့သည်။ ညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တစ်ပိုဒ်ချင်း မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

လက်ရှိအာဏာရ အစ္စလာမ္မစ်ပါတီဖြစ်သော အန်နာဒါပါတီက ဥပဒေမူကြမ်းသည် ဇွန်လကတည်းက ပြီးစီးခဲ့ပြီးဖြစ်သော်လည်း အတိုက်အခံအဖွဲ့က ပယ်ချလိုက်၊ လွှတ်တော်အမတ်များထံ ပြန်တင်လိုက်နှင့် ကြန့်ကြာနေခဲ့ရပြီး အသစ်ဖြည့်စွက် ထားသည်များကို အသေးစိတ်ဖော်ပြထားသည့် အညွှန်းတစ်ရပ်ကို ဒီဇင်ဘာလအတွင်းမှသာ အတိုက်အခံများနှင့် အကြမ်းဖျင်း သဘောတူညီချက် ယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့သော် ဥပဒေမူကြမ်းတွင် ညှိနှိုင်းရန်အချက်များ ကျန်ရှိနေဆဲဖြစ်ပြီး သီးခြားအပိုဒ်များကို ထပ်မံထည့်သွင်းရန် ဖြစ်နိုင်နေဆဲ အနေအထား၌ ရှိကြောင်းနှင့် ဥပမာအားဖြင့် ဘာသာရေးဆိုင်ရာ ပြင်ဆင်မှုတစ်ရပ်နှင့် ပတ်သက်၍ နောက်ဆုံးအချိန်ထိ တပ်အပ်မပြောနိုင်သေးကြောင်း အတိုက်အခံ မက်ဆာပါတီမှ လွှတ်တော်အမတ် နာဒီယာချာဘိန်းက ပြောကြားခဲ့သည်။

အန်နာဒါပါတီသည် အစ္စလာမ္မစ်ရှာရီယာ ဥပဒေကို အဓိကဥပဒေအဖြစ် ပြဋ္ဌာန်းရန် တောင်းဆိုချက်ကို ၎င်းတို့၏ ဆုံးဖြတ်ချက်အဖြစ် ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် အထူးပြု ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...