Friday, January 3, 2014

ခြစားမှုဆန့်ကျင်ရေး ဥပဒေကို အိန္ဒိယသမ္မတ လက်မှတ်ရေးထိုး



နယူးဒေလီတွင် ဇန်န၀ါရီ ၁ ရက်က အိန္ဒိယသမ္မတနန်းတော်၌ သမ္မတမူခါဂျီနှင့် ကျောင်းသားများ နှစ်သစ်ကူးပွဲ ဆင်နွှဲနေစဉ် (Photo:AFP)


အတည်ပြုရန် ကာလအတန်ကြာ ကြန့်ကြာနေခဲ့သော ခြစားမှုဆန့်ကျင်ရေး ဥပဒေကြမ်းကို အိန္ဒိယသမ္မတ ပရာနပ်မူခါဂျီက ဇန်န၀ါရီ ၁ ရက်တွင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်ဟု သိရသည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော် မဲခွဲမှုတွင် အာဏာရ ကွန်ဂရက်ပါတီနှင့် အဓိကအတိုက်အခံ Bharatiya Janata Party(BJP) ပါတီတို့က ထောက်ခံခဲ့ပြီးယင်း ဥပဒေကို ဒီဇင်ဘာ ၁၈ ရက်တွင် အတည်ပြုခဲ့ကြသည်။ ယင်းမှာ အိန္ဒိယပါလီမန်တွင် အာဏာရပါတီနှင့် အတိုက်အခံ ပါတီတို့၏ ရှားပါးသော ညီညွတ်မှုတစ်ခု ဖြစ်ခဲ့သည်။

လာမည့်မေတွင် ကျင်းပရန် စီစဉ်ထားသော အိန္ဒိယ အထွေထွေရွေးကောက်ပွဲအတွက် အရှိန်မြှင့် ပြင်ဆင်နေစဉ် သမ္မတမူခါဂျီက ယင်းဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယခင်လက ကျင်းပခဲ့သည့် ဒေလီပြည်နယ် ရွေးကောက်ပွဲတွင် လာဘ်စားမှုဆန့်ကျင်ရေး အာဗင်ကက်ဂျရီဝါးနှင့် ၎င်း၏ Aam Aadmi ပါတီက ကွန်ဂရက်ပါတီကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

အသက် ၄၅ နှစ်ရှိ ကက်ဂျရီဝါးသည် အန်နာဟာဇာရီ၏ ခြစားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွင် အဓိကအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ လက်ရှိအာဏာရ ကွန်ဂရက်ပါတီ ဦးဆောင်သော ညွန့်ပေါင်းအစိုးရသည် အမေရိကန်ဒေါ်လာ ဘီလျံမြောက်မြားစွာ တန်ဖိုးရှိ လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ စွပ်စွဲချက်များစွာနှင့် ရင်ဆိုင်နေရသည်။

ခြစားမှုဆန့်ကျင်ရေး လှုံ့ဆော်တောင်းဆိုမှုကြီးက အိန္ဒိယနိုင်ငံရေးသမားများကို ယင်းဥပဒေရေးဆွဲရန် တွန်းအားပေးခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။ တက်ကြွလှုပ်ရှားသူ အန်နာဟာဇာရီ၏ ၁၂ ရက်ကြာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှု အပါအ၀င် ၎င်းဦးဆောင်သော အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုက အိန္ဒိယတွင် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး ဥပဒေ ပြဋ္ဌာန်းရန် အစိုးရကို တောင်းဆိုခဲ့သည်။

Lokpal ဟုခေါ်သော ယင်းဥပဒေအရ အစိုးရ၀န်ထမ်းများကို စောင့်ကြည့်ရန် အလွတ်အရာရှိများကို အစိုးရက ခန့်အပ်၍ ခြစားမှုဆန့်ကျင်ရေး စောင့်ကြည့်အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်သည်။ ယင်းအရာရှိများက လွှတ်တော်အမတ်များ၊ ၀န်ကြီးများအပါအ၀င် ပြည်သူ့ဝန်ထမ်းများကိုသာမက ခိုင်လုံသော အချို့ကိစ္စများ၌ ၀န်ကြီးချုပ်ကိုပင် ခြစားမှုအတွက် စုံစမ်းစစ်ဆေးခွင့်နှင့် တရားစွဲခွင့်ရှိမည်ဟု သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...