Thursday, January 16, 2014

အကျပ်အတည်းကို အဆုံးသတ်ရေးအတွက် ရွေးကောက်ပွဲသာ အကောင်းဆုံးလမ်းဟု ယင်လက်ပြောကြား

Thursday, January 16, 2014


ဇန်န၀ါရီ ၁၅ ရက်တွင် ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် အဆောက်အအုံ အရှေ့၌ ထိုင်းနိုင်ငံအလံများ ဝှေ့ယမ်းနေသော အစိုးရဆန့်ကျင် ဆန္ဒပြသူများ (Photo:AP)


နက်ရှိုင်းလာနေသော ထိုင်းနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးနည်းမှာ ဖေဖော်ဝါရီ ၂ ရက်တွင် ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲသာ ဖြစ်သည်ဟု ၀န်ကြီးချုပ် ယင်လက်ရှင်နာဝပ်က ဇန်န၀ါရီ ၁၅ ရက်တွင် အစိုးရဆန့်ကျင် ဆန္ဒပြသူများကို ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် ၎င်းတို့၏ ဒေါသများကို ရွေးကောက်ပွဲတွင် မိမိကို အနိုင်ယူခြင်းဖြင့် ဖြေဖျောက်ကြရန် ၀န်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

ထိုင်းရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်အတွက် အဆိုပြုမှုကို ဆွေးနွေးရန် ယင်လက်က ဦးဆောင်ပြီး ဇန်န၀ါရီ ၁၅ ရက်တွင် ဆွေးနွေးပွဲ ကျင်းပခဲ့သော်လည်း အတိုက်အခံ ဆန္ဒပြသူများက ယင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ငြင်းဆန်ခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းမည့်အရေးကို ယင်လက်ကလုံးဝပယ်ချခြင်း မပြုသေးသော်လည်း အခြေခံဥပဒေအရ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းရန် ခွင့်မပြုမည်ကို စိုးရိမ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ပြည်သူများက အစိုးရကို မလိုလားလျှင် ရွေးကောက်ပွဲတွင် မဲပေးပြီး ဖြုတ်ချသင့်ကြောင်းယင်လက်က ပြောကြားခဲ့သည်။

အစိုးရဆန့်ကျင်သူများက မူရွေးကောက်ပွဲ မပြုလုပ်မီ အနည်းဆုံး တစ်နှစ်ခန့်အချိန်ယူပြီး ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန် အလိုရှိနေကြောင်း သိရသည်။

ဖမ်းဝရမ်း ထုတ်ခံထားရသော်လည်း ယခုအချိန်အထိ ဖမ်းဆီးထိန်းသိမ်းခံရခြင်း မရှိသေးသော ဆန္ဒပြခေါင်းဆောင်နှင့် ဒုတိယ၀န်ကြီးချုပ်ဟောင်း ဆူသက်သောင်ဆူဘန်နှင့် ပတ်သက်ပြီး လက်ရှိဒုတိယ၀န်ကြီးချုပ် ဆူရာပေါင်တိုဗီချက်ချိုင်ကူက သူသည်ဆူသက်နှင့် သူ၏လက်ထောက်များကို အလျင်အမြန် ဖမ်းဆီးရန် ရဲတပ်ဖွဲ့ကို တိုက်တွန်းထားကြောင်း နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ဇန်န၀ါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ၎င်းတို့ကို မဖမ်းဆီးပါက နိုင်ငံသည် ၀ရုန်းသုန်းကား အခြေအနေသို့ ကျဆင်းသွားမည်ဟု ၎င်းကပြောကြားခဲ့သည်။

ယင်းနေ့တွင်ပင် ဘန်ကောက်မြို့ စီးပွားရေး အချက်အချာကျသည့် နေရာ၌ ဖွင့်လှစ်ထားသည့် အဓိကဆန္ဒပြနေရာတွင် သန်းခေါင်ယံအလွန်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကြောင့် သန့်ရှင်းရေးဝန်ထမ်း အမျိုးသားတစ်ဦးနှင့် ဆန္ဒပြ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း ဒဏ်ရာမပြင်းထန်ကြောင်း အီရာဝမ်အရေးပေါ် ကုသရေးဌာနက ထုတ်ပြန်ခဲ့သည်။

ဇန်န၀ါရီ ၁၄ ရက် ညနေပိုင်းကလည်း ၀န်ကြီးချုပ်ဟောင်း အဘီဆစ်မိသားစု ပိုင်ဆိုင်သည့် နေအိမ်အတွင်းသို့ အသေးစားဗုံး သို့မဟုတ် ဗျောက်အိုးဖြစ်နိုင်သော ပစ္စည်းတစ်ခု ပစ်ပေါက်ခံခဲ့ရသော်လည်း ဒဏ်ရာရသူ မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဆူသက်ဦးဆောင်သော အဖွဲ့များက ဘန်ကောက်မြို့ဝန်းကျင် နေရာများသို့ ချီတက်ဆန္ဒပြသွားမည်ဖြစ်ပြီး ကျန်အဖွဲ့များက အစိုးရဌာနများကို ၀င်ရောက်သိမ်းပိုက်သွားမည်ဟု ဆန္ဒပြအဖွဲ့များက ပြောကြားထားသည်။

ဆန္ဒပြသူများက အဓိကလမ်းဆုံများကို သုံးရက်မြောက်အဖြစ် ဆက်လက်ပိတ်ဆို့ ထားကြသော်လည်း လမ်းများပေါ်တွင် ယာဉ်သွားလာမှုများ ပိုမိုများပြားလာခြင်းသည် ‘မြို့တော်ပိတ်ဆို့မှု’ အရှိန်အဟုန် ကျဆင်းလာခြင်းကို ဖော်ပြနေသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...