Thursday, January 16, 2014

ဝိုင်နှင့်အရက်ပုလင်း သောင်းချီဖမ်းဆီးရမိခဲ့သော Premium Food Service Products ကုမ္ပဏီအမှု တရားရုံးတင်ပို့နိုင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်

Thursday, January 16, 2014
အောင်ရဲကို


Premium Food Service Products ကုမ္ပဏီ၏ ဂိုဒေါင်အတွင်း တွေ့ရှိရသည့် ၀ိုင်ပုလင်းများကို တာဝန်ရှိသူများက စစ်ဆေးနေစဉ်


ဝိုင်နှင့်အရက်ပုလင်း သောင်းချီဖမ်းဆီးရမိခဲ့သော City Mart ပိုင်ရှင်နှင့် ဆက်နွှယ်မှုရှိသည့် Premium Food Service Products ကုမ္ပဏီအမှု၏ ဆက်စပ်ပါဝင်သူများနှင့် အဖွဲ့အစည်းများ ထွက်ဆိုချက်ကို စစ်ဆေးပြီးစီးခဲ့သဖြင့် တရားရုံးတင်ပြနိုင်ရန် ဥပဒေအကြံပြုချက်ကို တောင်းခံမည်ဖြစ်ကြောင်း သာကေတနယ်မြေ ရဲစခန်းမှ သိရသည်။

ယင်းအမှုကို မူလက ကိုင်တွယ်နေသော သာကေတနယ်မြေ ရဲစခန်းမှူးမှာ ထောက်ကြန့်နယ်မြေသို့ ပြောင်းရွှေ့ခဲ့ရသည့်အတွက် အမှုမှာ ကြန့်ကြာခဲ့ရပြီး လက်ရှိစခန်းမှူးဖြစ်သူက ဥပဒေအကြံပြုချက်ကို တောင်းခံတော့မည်ဖြစ်ကြောင်း သိရသည်။

သာကေတနယ်မြေ ရဲစခန်းမှ စခန်းမှူးကိုကိုထွေးက “ကျွန်တော်တို့ ဥပဒေအကြံပြုချက်ကို တောင်းခံတော့မှာပါ။ ပြီးတော့မှ တရားရုံးတင်နိုင်ဖို့ကို ဘယ်လောက်ကြာနိုင်မလဲ သိနိုင်မှာပါ” ဟု ဒီဇင်ဘာ ၁၅ ရက်က ပြောကြားသည်။
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်ခြံတစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ၀င်ရောက်စစ်ဆေးမှုအတွင်း အေးခဲအသားများ၊ နိုင်ငံခြားဖြစ် ၀ိုင်ပုလင်း ၈၇၀၀၀ ကျော်နှင့် အရက်ပုလင်း ၁၃၀၀ ရှိကာ ကာလတန်ကြေးအနေဖြင့် ကျပ် ၆၅၀၀ ဖြင့် တွက်ချက်ခဲ့ပါက သိန်းပေါင်း ၆၀၀၀ ခန့် ရှိမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

ယင်းအပြင် တွေ့ရှိထားသော ၀ိုင်ပုလင်း အရေအတွက်နှင့် အေးခဲအသားများမှာ Mobile Team မှ ၀င်ရောက်ရှာဖွေစစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးဖြစ်ပြီး ၀ိုင်ပုလင်းများမှာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိကနိုင်ငံထုတ် များဖြစ်ကြောင်း စစ်ဆေးချက်အရ သိရသည်။

အဆိုပါကုမ္ပဏီမှာ စစ်ဆေးတွေ့ရှိခဲ့သော ၀ိုင်၊ အရက်ပုလင်းများနှင့် ပတ်သက်သော တရားဝင် အထောက်အထားများကို စစ်ဆေးသည့် ၁၀ ရက်မြောက်အထိ ပေးနိုင်ခဲ့ခြင်း မရှိသဖြင့် Mobile Team မှ Premium Food Service Products ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် တစ်ဦးဖြစ်သည့် City Mart Holding ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်၏ မောင်ဖြစ်သူ ဦးဖြိုးမင်းကျော် အမည်ဖြင့် အမှုဖွင့်မှု ပြုလုပ်ခဲ့သည်။

ယင်းအတွက် သာကေတရဲစခန်းမှ (ပ)၈၇၄/၂၀၁၃၊ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မ-၈ ဖြင့် ဒီဇင်ဘာ ၁၄ ရက်မှ စတင်ကာ အမှုဖွင့်စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...