Thursday, January 16, 2014

ယခုဘဏ္ဍာရေးနှစ် ကျန်သုံးလအတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ ဘီလျံရရှိရေး လျာထားဆောင်ရွက်နေကြောင်း စီးပွား/ကူးသန်း ၀န်ကြီးပြောကြား


တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ကုန်တင်ယာဉ်များအား တွေ့ရစဉ်


ယခုဘဏ္ဍာရေးနှစ်၏ ကျန်သုံးလအတွင်း ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ ဘီလျံရရှိရေး လျာထားဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ၁၈ ဒသမ ၄ ဘီလျံတိုးတက်လာကြောင်း၊ ဒုတိယ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုသည် ၀ ဒသမ ၃ ဘီလျံကျော်သာ တက်ခဲ့ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆက်လက်ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ စပိန်၊ ထိုင်း၊ ယူကေ၊ အမေရိကန်၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆၁၁ ဒသမ ၇၆၂ သန်းရရှိခဲ့ကြောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၄ ခုမှ တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး စခန်းဖြစ်သည့် မူဆယ်မှ ကုန်သွယ်မှုပမာဏ အများဆုံးဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ယခုဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ ဘီလျံကျော် ရရှိရေး ဆောင်ရွက်ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း၊ နယ်စပ်ကုန်သွယ်မှုမှ ၂၀ ရာခိုင်နှုန်း ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ရရှိခဲ့ရာမှ ယခုနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် သန်း ၅၀၀ တိုးမြင့်မျှော်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုတွင် ပမာဏအများဆုံး ကုန်သွယ်နေသော နိုင်ငံဖြစ်ပြီး မူဆယ်နယ်စပ် ကုန်သွယ်ရေးသည် အဓိကကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...