Thursday, January 16, 2014

မော်တော်ယာဉ်မှုခင်းများ ဖြစ်ပွားပါက လွယ်ကူစွာ ခွဲခြားနိုင်ရန် ဌာနဆိုင်ရာယာဉ်နှင့် ပြည်သူလူထုယာဉ် နံပါတ်ပြား အောက်ခံအရောင်များအား ခွဲခြားသတ်မှတ်ရန်လျာထား

Thursday, January 16, 2014
ကျော်ထင်


ဌာနဆိုင်ရာ ၀န်ထမ်းကြိုပို့ ယာဉ်တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)


မော်တော်ယာဉ်မှုခင်းများ ဖြစ်ပွားလာပါက ဌာနဆိုင်ရာယာဉ်နှင့် ပြည်သူလူထု စီးနင်းသောယာဉ်များ ခွဲခြားသိရှိနိုင်ရန်အတွက် အစိုးရ ဌာနဆိုင်ရာနှင့် ပြည်သူလူထုစီးနင်းသော ယာဉ်နံပါတ်ပြား အောက်ခံအရောင်များအား ခွဲခြားသတ်မှတ်ရန် လျာထားကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။

၂၀၁၃ နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၃)တွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြည်သူလူထု၏ ဘဏ္ဍာငွေဖြင့် သုံးစွဲသော ဌာနဆိုင်ရာယာဉ်များ စည်းကမ်းချိုးဖောက် သုံးစွဲနေပါက ဌာနဆိုင်ရာယာဉ်နှင့် ပြည်သူလူထုယာဉ် နံပါတ်ပြား အောက်ခံအရောင်များအား ခွဲခြားထားခြင်းဖြင့် ပြည်သူထူထုက အလွယ်တကူ ဖော်ထုတ်နိုင်ရန်အတွက် “ဌာနဆိုင်ရာ ယာဉ်များ၏ နံပါတ်ပြား အရောင်များအား ပုဂ္ဂလိကပိုင် ပြည်သူလူထု၏ ယာဉ်များနှင့် ကွဲပြားခြားနားသော နံပါတ်ပြား အရောင်များ စီစဉ်ထားရှိပေးရန် အစီအစဉ် ရှိမရှိ” သိလိုကြောင်း မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးက ယင်းကိစ္စမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြုလပ်နိုင်သည့်ကိစ္စ မဟုတ်ဘဲ ပြည်ထောင်စု အစိုးရအဖွဲ့ကသာ ပြုလုပ်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ယင်းကိစ္စအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ဆက်လက်တင်ပြခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနအား ရှင်းလင်းဖြေကြားစေခဲ့ရာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာနက ယာဉ်နံပါတ်ပြား အရောင်းများအား ခွဲခြားသတ်မှတ်ရန် လျာထားကြောင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် ဒေါက်တာညိုညိုသင်းထံသို့ စာဖြင့်ပြန်ကြားခဲ့ခြင်းဖြစ်သည်။

ကုန်လမ်းပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ၂၀၁၃ အောက်တိုဘာ ၃၁ ရက်အထိ မှတ်ပုံတင်ထားသော မော်တော်ယာဉ် စုစုပေါင်း ၄၉၃၂၉၄ စီး (ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီယာဉ်များမပါ) ရှိပြီး ယင်းအထဲတွင် ဌာနဆိုင်ရာယာဉ် ၃၅၂၄၂ စီးနှင့် ဌာနအငှားယာဉ် ၂၀၇၆ စီးရှိ၍ စုစုပေါင်း နိုင်ငံတော်ပိုင် ၃၇၃၁၈ စီးရှိကြောင်း၊ ယာဉ်နံပါတ်ပြား အရောင်များအား ဌာနဆိုင်ရာယာဉ်တွင် အနက်ရောင်၊ ဌာနအငှားယာဉ်တွင် အနီရောင် သတ်မှတ်ထားကြောင်း သိရသည်။

သို့ဖြစ်၍ နိုင်ငံတော်ပိုင်ယာဉ်များနှင့် အခြားပုဂ္ဂလိပိုင် ပြည်သူလူထုယာဉ်များ ကွဲပြားခြားနာစွာ သိရှိနိုင်ရေးအတွက် ဌာနဆိုင်ရာ ယာဉ်များအား မူလယာဉ်နံပါတ်အတိုင်း မပြောင်းလဲဘဲ နံပါတ်ပြားအောက်ခံ ဆေးရောင်ကို အနက်ရောင်မှ အစိမ်းရောင်သို့လည်းကောင်း ပြောင်းလဲသတ်မှတ်သွားရန်နှင့် ဌာနအငှားယာဉ်များကိုမူ လက်ရှိအတိုင်း အနီရောင်ဖြင့်သာ ထားရှိရန် လျာထားချက်ရှိကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၏ ပြန်လည်ဖြေကြားချက်တွင် ပါရှိခဲ့သည်။

ယင်းသို့ ဌာနဆိုင်ရာယာဉ်များအား နံပါတ်ပြားအောက်ခံ အစိမ်းရောင် ပြောင်းလဲခြင်းအတွက် နံပါတ်ပြားတစ်ချပ်လျှင် ကျပ် ၁၀၀၀ နှုန်း၊ ယာဉ်တစ်စီးအတွက် နှစ်ချပ်နှုန်း တပ်ဆင်ရမည်ဖြစ်၍ ကျပ် ၂၀၀၀ သာ ကုန်ကျမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာယာဉ်နှင့် ပြည်သူလူထုယာဉ်များ နံပါတ်ပြား အရောင်ခွဲခြားထားခြင်းဖြင့် မော်တော်ယာဉ် မှုခင်းများနှင့် ပတ်သက်၍ လွယ်ကူစွာ သိမြင်နိုင်မည်ဖြစ်ပြီး ယင်းကိစ္စကို ခွင့်ပြုချက်တောင်းခံကာ ဆောင်ရွက်သွားမည်ဟု ပြန်လည်ဖြေကြားချက်တွင် ပါရှိခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...