Tuesday, January 21, 2014

လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့်ပြုရန် အစီအစဉ်မရှိသော်လည်း ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော ပင်စင်စားဝန်ထမ်းများကို မူလပင်စင်လစာ ပြန်လည်လျှောက်ထားခွင့်ပြုမည်


ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း
ဇန်န၀ါရီ ၂၀ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားစဉ်


လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိ နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့်ပြုရန် အစီအစဉ်မရှိသော်လည်း ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသော ပင်စင်စား ၀န်ထမ်းများကို မူလပင်စင်လစာ ပြန်လည်လျှောက်ထားခွင့်ပြုမည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဇန်န၀ါရီ ၂၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


အစိုးရဌာနဆိုင်ရာများတွင် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိပြီး အပြစ်အနာအဆာမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့ကြရသော နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့် ရှိ မရှိ

ကယားပြည်နယ် ဖရူဆို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးရယ် မေးမြန်းသည့် "အစိုးရဌာနဆိုင်ရာများတွင် လုပ်သက် ၁၀ နှစ်နှင့် အထက်ရှိပြီး အပြစ်အနာအဆာမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့ကြရသော နိုင်ငံ့ဝန်ထမ်းဟောင်းများအား ပင်စင်လစာခံစားခွင့် ရှိ မရှိ" မေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် "အပြစ်အနာအဆာမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် နုတ်ထွက်ခဲ့ကြရသော ၀န်ထမ်းဟောင်းများ၏ ယခင်အမှုထမ်းသက်များအတွက် ပင်စင်အကျိုးခံစားခွင့်ပြုရန် ပြဋ္ဌာန်းချက်မရှိသဖြင့် ပင်စင်လစာ ခံစားခွင့်မရှိခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ မေးမြန်းသည့် "နိုင်ငံရေးအရ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ်ကျခံရပြီးသည့် ပင်စင်စားဝန်ထမ်းများသည် ပြစ်ဒဏ်ကျခံရမှုမှ လွတ်မြောက်လာပြီးသည့်နောက် ဆုံးရှုံးမှုခံရသည့် မိမိ၏ပင်စင်လစာ ခံစားခွင့်ကို ပြန်လည်လျှောက်ထားခွင့် ရှိ မရှိ"မေးခွန်းကို ဒေါက်တာလင်းအောင်က လွှတ်တော်တွင် ပြန်လည်ဖြေကြားခဲ့သည်။

ပြစ်ဒဏ်ကျခံရသည့် အငြိမ်းစားသည် ပြစ်ဒဏ်ကျခံခြင်းမှ လွတ်မြောက်လာပါက ရပ်ဆိုင်းထားသော ပင်စင်လစာကို ပြန်လည်လျှောက်ထားလိုပါက ပင်စင်ထုတ်ယူခဲ့သော မြန်မာစီးပွားရေးဘဏ် (သို့မဟုတ်) သက်ဆိုင်ရာ ပင်စင်လစာထုတ်ပေးသည့် လုပ်ငန်းအဖွဲ့ အစည်းသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း၊ သက်ဆိုင်ရာ မြန်မာနိုင်ငံ မြန်မာ့စီးပွားရေးဘဏ် (သို့မဟုတ်) လုပ်ငန်းအဖွဲ့အစည်းက ပင်စင်စား၏ လျှောက်ထားလာသော အထောက်အထားများနှင့်အတူ ပင်စင်စားအား မည်သည့်နေ့ရက်အထိ ပင်စင်လစာ နောက်ဆုံးထုတ်ပေးပြီးဖြစ်ကြောင်း ပင်စင်ဦးစီးဌာနသို့ပေးပို့ပြီး ပင်စင်ဦးစီးဌာနသည် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သဘောထားမှတ်ချက်နှင့်အညီ ပင်စင်လစာကို ပြန်လည်ထုတ်ယူခွင့်ပြုကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပင်စင်လစာကို ပြန်လည်ရုပ်သိမ်းသင့်ကြောင်း သဘောထားမှတ်ချက်ပြုပါက ပင်စင်စား၏ ပင်စင်လစာကို အပြီးအပိုင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...