Monday, January 6, 2014

အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုကသာ ပြေးဆွဲခွင့်ရရှိနေသည့် မမျှတမှုများအပေါ် အစိုးရနှင့် ညှိနှိုင်းသွားရန် စီစဉ်နေ

Monday, January 6, 2014
ကျော်ထင်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အထူးယာဉ်လိုင်းမှ ဘတ်စ်ကားများအား တွေ့ရစဉ်


ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုသာ ပြေးဆွဲခွင့်ရရှိသည့် မမျှတ အခြေအနေများအပေါ် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော အထူးယာဉ်လိုင်းများကို ငွေကျပ် ၂၀၀ ပေးကာ စီးနင်းနေရပြီး စတင်ပြေးဆွဲစဉ်က ထိုင်ခုံရှိခရီးသည်သာ တင်မည်ဖြစ်ပြီး မတ်တတ်စီးခရီးသည် မတင်ကြောင်း၊ လေအေးပေးစက်ဖွင့်ပေးခြင်း စသည်တို့ကြောင့် စီးနင်းအသုံးပြုသည့် ခရီးသည်များ လာခဲ့ကြောင်း၊ ထိုသို့များပြားလာသည့် ခရီးသည် အခြေအနေကြောင့် နောက်ပိုင်းတွင် ထိုင်ခုံအပြင် မတ်တတ်ရပ်စီး ခရီးသည်များဖြင့် ပြည့်ကျပ်စွာ တင်ဆောင်လာခြင်း၊ လေအေးပေးစက်များ မလည်ပတ်တော့ခြင်းများ ရှိလာကြောင်း၊ ထို့အတွက် ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံနေသည့် ယာဉ်လိုင်းများဖြင့် မထူးခြားနားပင် ဖြစ်လာခဲ့သည်။

ယင်းသို့ အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုကသာ ပြေးဆွဲခွင့် ရရှိနေမှုအပေါ် ယာဉ်ပိုင်ရှင်များဘက်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းကြောင်း သိရသည်။

“အထူးယာဉ်လိုင်းက ဘယ်စီးစီး ၂၀၀ ကျပ်ရိုးရိုးယာဉ်လိုင်းက ၅၀ ကျပ် ဒါပေမဲ့ ကားချင်းကအတူတူပဲ။ ဘာမှမကွာခြားတော့ဘူး။ အထူးတွေက ကျပ် ၂၀၀ ရပြီး ရိုးရိုးတွေက ၅၀ ပဲရတော့ ၀င်ငွေချင်း အရမ်းကွာဟနေတယ်။ ကျပ် ၂၀၀ က အဲကွန်းပါလား။ သက်တောင့်သက်သာရှိလား။ ရှိရင် ၂၀၀ ယူတာ ပြဿနာမဟုတ်ဘူး။ လူထုကလည်း ပေးစီးမှာပဲ။ အခုတော့ ကားတွေက ဘာမှမထူးခြားဘူး ဖြစ်နေတယ်။ ပြီးတော့ ဒီအထူးကားတွေကို ပုဂ္ဂိုလ်တစ်စုပဲ ပြေးဆွဲခွင့် ရနေတယ်။ ဒါဟာ မမျှတတဲ့ အနေအထားတွေပါ။ အဲဒါကို အစိုးရပိုင်းနဲ့ ညှိနှိုင်းပေးဖို့ ရှိပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“အန်တီအနေနဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ အပေးအယူ သဘောမျိုး လုပ်မယ်။ ဘယ်လိုအပေးအယူလဲဆိုတော့ အစိုးရကို အန်တီအနေနဲ့ ဒီမမျှတမှုကို တင်ပြပြီး ညှိနှိုင်းပေးမယ်။ ယာဉ်လိုင်းတွေဘက်ကလည်း ရုံးတက်ရုံးဆင်းချိန်တွေမှာ အမျိုးသမီး သီးသန့်ယာဉ်တွေ ထည့်သွင်းပြေးဆွဲပေးရေး စီစဉ်ပေးဖို့ပါပဲ” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို စီမံခန့်ခွဲနေသော ယခင်ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ)နှင့်ပတ်သက်၍ တိုင်ကြားများစွာ လက်ခံရရှိခဲ့ပြီး ယင်းအထဲတွင် ယာဉ်လိုင်းဝင်လိုပါက ကော်မတီက ယာဉ်ပိုင်ရှင်ထံမှ ငွေကြေးတောင်းခံမှုများလည်း ပါဝင်နေကြောင်း သိရသည်။ ယခု မ.ထ.သ ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

ရန်ကုန်တိုင်ဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း အဖွဲ့အစည်း ၁၈ ခုခန့်ရှိပြီး ခရီးသည်တင်ယာဉ် အစီးရေ ၆၀၀၀ ကျော် ပြေးဆွဲလျက်ရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...