Monday, January 6, 2014

ရန်ကုန်ဆိပ်ကမ်းများမှ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့ခြင်းအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ နောက်ဆုံးထားတင်ပို့ရန် မြန်မာ့သစ်လုပ်ငန်းကကြေညာ

Monday, January 6, 2014
ရွှန်းလဲ့ဝင်း

MITT ဆိပ်ကမ်းအတွင်းသို့ ၀င်ရောက်ရန် စောင့်ဆိုင်းနေသည့် သစ်လုံးတင်ယာဉ်များအား ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)


ရန်ကုန်ဆိပ်ကမ်းများမှ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့ခြင်းအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ နောက်ဆုံးထား တင်ပို့ကြရန် မြန်မာ့သစ်လုပ်ငန်းမှ ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချောထည်များကိုသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်သည်။

သို့ဖြစ်၍ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့သည့် ဆိပ်ကမ်းများအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီအထိသာ သင်္ဘောတင်ခွင့်ပြုရန် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့သစ်လုပ်ငန်းက ဆိပ်ကမ်းတွေကနေ သစ်တွေကို ပြည်ပတင်ပို့ဖို့ သင်္ဘောတင်တာကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ အထိပဲ ခွင့်ပြုဖို့ စာထုတ်ထားပါတယ်။ ဆိပ်ကမ်းတွေကနေ သင်္ဘောတင်ရင် ကားတွေနဲ့ တစ်ခါတည်းလာပြီး တင်တာဖြစ်တဲ့အတွက် ည ၁၂ နာရီကျော်မှ ရောက်လာတဲ့ ကားတွေကို သင်္ဘောတင်ခွင့် မပြုဘဲ ပြန်လွှတ်ရမှာပေါ့” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းတော့မည် ဖြစ်သဖြင့် သစ်နှင့်သစ်အခြေခံ ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်ရေးအတွက် အာရှအခြေစိုက် ကုမ္ပဏီများမှ လာရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အိန္ဒိယအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Greenply Industries (Myanmar) P.Ltd.(India) အား သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံအတွင်း သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်နိုင်ရန် အမေရိကန်နှင့် အီးယူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...