Monday, January 6, 2014

မြန်မာနိုင်ငံ အပါအ၀င် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ၌ ကြက်ငှက်တုပ်ကွေး H7N9 ကူးစက်ပျံ့နှံ့မှု အခြေအနေကို စစ်ဆေးနေဟုဆို



Monday, January 6, 2014

အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

မြန်မာ-တရုတ် နယ်စပ်ဒေသရှိ ဈေးတစ်ဈေးတွင် ကြက်သားရောင်းချနေမှုအား တွေ့ရစဉ်


မြန်မာနိုင်ငံ အပါအ၀င် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ကြက်ငှက်တုပ်ကွေး H7N9 ကူးစက်ပျံ့နှံ့မှု အခြေအနေကို စစ်ဆေးနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ သိရသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး H7N9 ကြောင့် မြန်မာနိုင်ငံတွင် ရောဂါပျံ့နှံ့မှု ရှိမရှိကို ၂၀၁၃ ခုနှစ် မေလမှစ၍ မြန်မာ-တရုတ် နယ်စပ်ဒေသများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကြက်ဘဲဈေးများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် စစ်ဆေးမှုများအရ လက်ရှိအချိန်အထိ ရောဂါပိုးကူးစက်မှု မတွေ့ရှိရသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပျံနှံ့မှု မတွေ့ရှိရသေးသော်လည်း လက်ရှိတရုတ်ပြည်တွင် ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ်များ ထပ်မံဖြစ်ပွားနေပြီး လူသေဆုံးမှုများ ရှိနေသည့်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ်နှင့် FAO အဖွဲ့တို့ပူးပေါင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးများရှိ မြို့နယ်အချို့တွင် ထပ်မံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တရုတ်မှာ ကြက်ငှက်တုပ်ကွေး H7N9 စဖြစ်တုန်းက မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေမှာ ကြက်အ၀င်အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး ရောဂါကူးစက်မှု ရှိ၊ မရှိပါ တစ်ခါတည်း စစ်ဆေးခဲ့တယ်။ နောက်တစ်ကြိမ်မှာ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ကြက်ဘဲဈေးတွေမှာ ရောင်းချနေတဲ့ ကြက်နဲ့ကြက်ထွက်ပစ္စည်းတွေကို စစ်ဆေးခဲ့ပေမယ့် ရောဂါပိုးကူးစက်မှု မတွေ့ခဲ့ရပါဘူး။ အခုတစ်ကြိမ်မှာ ရန်ကုန်၊ မန္တလေးအပြင် ရှမ်းပြည်နယ်မှာရှိတဲ့ အရင်မစစ်ဆေးခဲ့ရတဲ့ မြို့နယ်တွေမှာပါ ထပ်ပြီးစစ်ဆေးနေပါတယ်။ ဒီတစ်ခါမှာတော့ ရောဂါဖြစ်ပွားမှု အခြေအနေတွေအပြင် ကြက်နဲ့ကြက်ထွက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှု ဈေးကွက်စနစ်တွေကိုပါ တစ်ခါတည်း ပြုလုပ်နေပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ဆေးရာတွင် ရှမ်းပြည်နယ်ရှိ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ဟိုပန်၊ ကျိုင်းတုံနှင့် မိုင်းလားမြို့များပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ လှိုင်သာယာအပါအ၀င် မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ အမရပူရနှင့် မတ္တရာမြို့များရှိ ဈေးများနှင့် ကြက်မွေးမြူရေးခြံများတွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေးမျိုးခွဲ ရောဂါပိုးသစ် (H7N9) တရုတ်နိုင်ငံတွင် ၂၀၁၃ ခုနှစ် မတ်လတွင် စတင်ဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ပထမပတ်တွင် ကြက်ငှက်တုပ်ကွေးမျိုးစိတ်သစ် (H10N8) စတင်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ပြည်တွင်း၌ အဆိုပါ ကြက်ငှက်တုပ်ကွေး ရောဂါပိုးမျိုးစိတ်သစ်များ ဖြစ်ပွားမှု မတွေ့ရှိရသော်လည်း ကြက်မွေးမြူရေးခြံများ၌ ပုံမှန်မဟုတ်သည့် ကြက်သေဆုံးမှုများ တစ်နှစ်ပတ်လုံး ဖြစ်ပွားမှု ရှိနေကြောင်းနှင့် သေဆုံးမှုများသည် အများအားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်းကျရောဂါနှင့် ကြက်များအပူမိခြင်း (အပူရှိန် ရုတ်တရက်ပြောင်းလဲမှု) ကြောင့် သေဆုံးနေခြင်းများ အများဆုံး ဖြစ်ပွားမှုရှိနေကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...