Monday, January 6, 2014

လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ ရွှေရတုအကြို တွေ့ဆုံပွဲကျင်းပခဲ့ပြီး လူရည်ချွန်အဖွဲ့ ညစာစားပွဲသို့ လူရည်ချွန်တစ်ဦး ဖြစ်ခဲ့သူ ဒုတိယသမ္မတ တက်ရောက်ဂုဏ်ပြု

Monday, January 6, 2014

လူရည်ချွန်အဖွဲ့ ညစာစားပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်


၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်းတွင် လူရည်ချွန်ဆု ရခဲ့ကြသည့် လူရည်ချွန်အဖွဲ့ ရွှေရတုအကြို တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၅ ရက် နံနက် ၈ နာရီခန့်တွင် ရန်ကုန်မြို့နယ်၊ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁)၊ လိပ်ခုံးကျောင်းဆောင် အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ပြုလုပ်ခဲ့သည့် လူရည်ချွန်အဖွဲ့ ညစာစားပွဲသို့ လူရည်ချွန်တစ်ဦးဖြစ်သူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

နံနက်ပိုင်း အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနားတွင် ကြွရာက်လာကြသည့် လူရည်ချွန်အချို့မှ လူရည်ချွန်အဖွဲ့အတွက် အလှူငွေများကို လှူဒါန်းခဲ့ကာ လူရည်ချွန်အဖွဲ့၏ အလုပ်အမှုဆောင်များကို မဲဆန္ဒအရ ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၅ ရက်ညပိုင်းတွင် ဆေးတက္ကသိုလ် (၁) ပရိဝုဏ်အတွင်း ပြုလုပ်သည့် လူရည်ချွန်အဖွဲ့ ညစာစားပွဲသို့ တက်ရောက်လာသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “လူရည်ချွန်ကျောင်းသူ ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲမှာ ကျွန်တော်ရဲ့ လူရည်ချွန်အကြောင်း ပြန်ပြောရမယ်ဆိုရင် စတဲ့နှစ်က ၁၉၆၄ ဆုံးတာက ၁၉၈၈။ ၆၄ နှစ်ကစတဲ့ သူတွေအတွက်က နှစ် ၅၀ ရွှေရတုထဲ ရောက်ရှိနေပါပြီ။ ကျွန်တော်ကတော့ ၆၅ batch ကပါ။ အဲဒီအချိန်ခါတုန်းက လူရည်ချွန်ရကြသူများက တော်တယ်။ တတ်တယ်ဟု ယူဆကြပါတယ်။ မှန်ပါတယ်။ သို့သော် အဲ့ဒီလို ယူဆကြတာထက် သူ့နေရာနဲ့သူ ထူးခြားခဲ့ကြသူများဟု ဆိုချင်ပါတယ်။ စာပေဘက် တော်ကြပါတယ်။ သို့သော် လူ့ဘ၀အတွေ့အကြုံ မရကြသေးတဲ့ အရွယ်ကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ ယနေ့လူရည်ချွန် ရဲဘော်ရဲဘက်များကို လူမှုဘ၀ပုံစံ၊ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ တစ်ခါပြန်ဆုံ တွေ့ကြရသည်မှာ ခေတ်ပြောင်းစနစ်ပြောင်း၊ ကုသိုလ်ကံကောင်းလို့ပဲ ပြန်ဆုံနိုင်ကြတယ်လို့ ယူဆမိပါတယ်။ မကြာခဏ ပြန်ဆုံနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ သို့သော် ယခုလို Gathering လေးလုပ်ရင်း ပြီးသွားခြင်းမျိုး မဟုတ်ဘဲ၊ အနာဂတ်အတွက် တစ်ခုခု အကျိုးရှိအောင် လုပ်နိုင်ပါမှ အနှစ်သာရရှိသော တွေ့ဆုံမှုမျိုးဖြစ်မည် ဖြစ်ပါလိမ့်မယ်။ အခုလည်း အနှစ်သာရ ပြည့်စုံအောင် မနက်ကရော နေ့လယ်ကရော တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ပြီးပြီလို့ သိရပါတယ်။ ဒီကနေ့ခေတ်မှာ နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေက များလွန်းလှပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည်ဖြင့် ရေးပေါင်းများစွာ ရှိနေပါတယ်။ ဒီအသက်အရွယ်အတွင်း ရလာသော အတွေ့အကြုံနဲ့ တတ်မြောက်လာတဲ့ပညာ၊ စုဆောင်းမိသော ဓနအင်အားနဲ့ နိုင်ငံကို တဖန်ပြန်ပြီး အကျိုးပြုနိုင်အောင် ကူညီဖို့ ဖြစ်ပါတယ်။ ကူညီဖို့ တာဝန်ရှိကြသလိုပဲ ကူညီနိုင်တဲ့ အခြေအနေ၊ ကူညီနိုင်တဲ့ နည်းလမ်းတွေ ရှိကြမှာပါ။ မည်သို့သော အကူအညီမျိုး၊ မည်သည့်နေရာကနေ ကူညီကြသည်ဖြစ်စေ၊ ကျွန်တော်တို့ အနာဂတ်တိုင်းပြည်ကို ဖွံ့ဖြိုးအောင်၊ နိုင်ငံတကာ အဆင့်မီအောင် အေးချမ်းတဲ့ နည်းလမ်းမျိုးနဲ့ ကူညီကြစေလိုပါတယ်” ဟု ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၊ လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဒေါက်တာညီညီ၊ ဦးသန်းဦးနှင့် လူရည်ချွန်မောင်မယ်များက နှုတ်ဆက်စကား ပြောကြားခဲ့ကြသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...